ရွေးကောက်ပွဲကော်မရှင် ပါတီတွေကို ဖိအားပေး

  • 17 နိုဝင်ဘာ 2010

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ပါးစပ်ပိတ်အောင် ပါတီတွေဆီ ညွန်ကြားချက်တခု ဒီကနေ့ ထုတ်ပြန်ပါတယ်။

Image caption ပါတီတွေ ပါးစပ်ပိတ်အောင် နောက်တဆင့် ကြိုးစားလာတဲ့ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုး

ရွေးကောက်ပွဲကာလ မဲလိမ်၊ မဲခိုး၊ မဲသမာမှုတွေ၊ ကြိုတင်မဲ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကန့်ကွက် တိုင်ကြားမယ့် အကြောင်း နိုင်ငံရေး ပါတီတွေနဲ့ အမတ်လောင်း တွေက ကျယ်ကျယ် ပြန့်ပြန် မီဒီယာတွေ ကနေ ထုတ်ဖော် ပြောဆိုမှု တွေအပေါ် ဥပဒေနဲ့ ငြိစွန်း တယ်လို့ ကော်မရှင်က ပြောပါတယ်။

``ပြောလို့ ဝနေပြီပဲ၊ မဲမသမာမှုတွေ ရှိလို့ အနိုင်မရဘူး ဆိုတာ ရွှေခမောက် စာစောင်မှာလည်း ပြောပြီးပြီ၊ ကြေညာချက်လည်း ထုတ်ပြီးပြီ၊ ထပ်ပြောဖို့ မရှိတော့ဘူး`` လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဘီဘီစီကို ပြောပါတယ်။

တရားမဝင် ကြိုတင်မဲတွေကြောင့် လွှတ်တော်အမတ်လောင်းတွေ ရှုံးနိမ့်တဲ့ အကြောင်း ကိုတော့ တိုင်ကြားမယ်၊ အခုလို ညွှန်ကြားချက် မထွက်ခင် ကတည်းက လုပ်နေခဲ့တာ ဖြစ်တယ်၊ ဒါပေမဲ့ ပါတီအနေနဲ့တော့ တရားစွဲဖို့ မရှိဘူး၊ ကိုယ်စားလှယ် တဦးချင်း အနေနဲ့ပဲ စွဲမယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ နစ်နာတဲ့ အကြောင်းကို မီဒီယာကနေ ထုတ်ဖော် ပြောဆို တာဟာ လိမ်လည် ပြောဆိုတာမို့ ဥပဒေကြောင်းအရ ငြိစွန်းတယ်လို့ ဆိုပေမယ့် ဥပဒေ ကျွမ်းကျင်သူ တွေကတော့ ငြိစွန်းမှု မရှိပါဘူးလို့ ဆိုပါတယ်။

``မရိုးဖြောင့်ဘဲ ပြောတာ၊ မမှန်မှန်း သိလျှက်နဲ့ ပြောတာမှ လိမ်ပြီး ပြောတာပါ၊ မဲမသမာမှုတွေကို ထုတ်ပြောတာက လိမ်လည်တာမှ မဟုတ်တာ၊ အမှန်ကို ပြောတာပဲ၊ ဘယ်ဥပဒေနဲ့မှ တရားစွဲလို့ မရပါဘူး`` လို့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက အတွင်းရေးမှူး ဦးအောင်ထူး က ပြောပါတယ်။

အခုလို ကော်မရှင်က ထုတ်ပြန်တာဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်မှာ မဲသမာမှုတွေကို NLD က ကော်မရှင်ဖွဲ့ပြီး တကမ္ဘာလုံး သိအောင် သတင်း ထုတ်ပြန် မယ်လို့ ပြောတာကြောင့် ဖြစ်နိုင်သလို နိုင်ငံတကာက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုမှာကို စိုးရိမ်တာ ကြောင့်လည်း ဖြစ်မယ်လို့ သူက ဆိုပါတယ်။

``ဒေါ်စုကိုရော၊ NLD ကိုရော၊ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေး ပါတီတွေကိုပါ အမှန်တရား ထုတ်ဖော် မပြောအောင် ခြိမ်းခြောက် တာလို့ နားလည် ပါတယ်`` လို့ ဦးအောင်ထူး က သုံးသပ် ပါတယ်။