ဒေါ်စု ကိုလွှတ်ပေးတဲ့ စစ်တပ်ဖက်က သဘောထား

  • 17 နိုဝင်ဘာ 2010
ASSK
Image caption ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အခုချိန်မှာ လွှတ်ပေးတာဟာ ဥပေဒကြောင်းအရ ဆက်လက်ဖမ်းချုပ်ထားဖို့ မဖြစ်နိုင်တော့တာက တကြောင်း၊ တခြားတဖက်မှာလည်း ရွေးကောက်ပွဲကို သူတို့ လိုသလို အနိုင်ရယူထားပြီး ဖြစ်လို့ အစစအရာရာ ပိုင်နိုင်ပြီလို့ ထင်တာက တကြောင်း၊ ဒီအကြောင်း နှစ်ကြောင်း ကြောင့် လွှတ်ပေးလိုက်တာလို့ စစ်တပ်အရာရှိဟောင်း တယောက်က ပြောပါတယ်။

စစ်တပ် အရာရှိဟောင်း ဦးအောင်ဆက်ပိုင်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာတွေနဲ့ ဆက်သွယ်ပြောကြားခွင့်ပေးတာ သံတမန်တွေနဲ့ တွေ့ဆုံခွင့်ပေးတာဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာတွေ ဆောင်ရွက်ဖို့ ရှိသလဲဆိုတာ သိချင်တဲ့ အတွက် စစ်တပ် လုပ်ထုံးလုပ်နည်း အတိုင်း အမှောင်ထဲကို သေနတ်နဲ့ မှန်းဆပစ်ခတ်ပြီး ရန်သူကို ရှာဖွေတဲ့ search fire နည်းကို အသုံးပြုတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုတကြိမ် လွတ်မြောက်တာဟာ အဆိုးဘက်ကို ဦးတည်သွားနိုင်သလို အကောင်းဘက်ကို ဦးတည်လာတာလည်း ဖြစ်နိုင်တယ်လို့ ဦးအောင်ဆက်ပိုင်က ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ ရွေးကောက်ပွဲ အပေါ်မှာ နိုင်ငံတကာကရော၊ ပြည်သူတွေကပါ ထောက်ခံမှုမရှိတာကို သိမြင်မှာ ဖြစ်တဲ့ အတွက် သူ့သမိုင်းကြောင်းပြန်ကောင်းအောင် အဖတ်ဆည်ချင်တဲ့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံဆွေးနွေးလာနိုင်တယ်လို့ မျှော်လင့်ကြောင်းသူက ဆိုပါတယ်။

ဒါပေမယ့် တပ်မတော် အတွင်းမှာ အစစအရာရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချုပ်ကိုင်ထားတာဖြစ်တဲ့ အတွက် အပြောင်းအလဲအားလုံးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ထဲမှာသာ ရှိတယ်လို့လည်း ဆိုပါတယ်။