ထားဝယ် ရေနက်ဆိပ်ကမ်း

  • 18 နိုဝင်ဘာ 2010
Dawai
Image caption ထားဝယ်မြို့ ပထဝီ အနေအထား

မြန်မာနိုင်ငံ အောက်ပိုင်းမှာ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး အတွက် အီတာလီယံ ထိုင်း ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ နိုဝင်ဘာလ ၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ် တန်ဖိုးဟာ ဒေါ်လာ ၈ ဒသမ ၆ ဘီလျံတန်ဖိုးရှိပါတယ်။ ရေနက်ဆိပ်ကမ်း စီမံကိန်းရဲ့ စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ ၆၄ ဘီလျံကနေ ဒေါ်လာ ၇၀ ဘီလျံ အထိ ခန့်မှန်းထားတာမို့ တခြားရင်းနှီးမြုပ်နှံသူတွေကိုလည်း ထပ်ပြီး ဖိတ်ခေါ်နေတယ်လို့ဆိုပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းမှာ ပါဝင်မယ့် အစိတ်အပိုင်းတွေကတော့ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအပြင်၊ သံမဏိစက်ရုံ၊ ဓါတ်မြေသြဇာ စက်ရုံ၊ ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေး စက်ရုံ အပါအဝင် တခြား အကြီးစား စက်မှုလုပ်ငန်းတွေ ပါဝင်မယ့် စက်မှုဇုံလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ကန်ချနာ့ဘူရီ ပြည်နယ်နဲ့ မြန်မာနိုင်ငံ တနင်းသာရီတိုင်းကို ဆက်သွယ်ဖောက်လုပ်မယ့် မီးရထားလမ်းနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေလည်းပါဝင်ပါမယ်။ နိုင်ငံခြား ခရီးသွားလုပ်ငန်းနဲ့ အပန်းဖြေအနားယူစခန်းတွေတည်ဆောက်မယ့် အစီအစဉ်လည်းပါဝင်ပါတယ်။

ဒီထားဝယ်ရေနက်ဆိပ်ကမ်းဟာ ဘယ်လောက် အရေးပါပါသလဲလို့ ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Mr. Alongkorn Panlaboot ကို ဘီဘီစီက ဆက်သွယ်မေးမြန်း ကြည့်ရာမှာတော့ သူက ထိုင်းမြန်မာ စီးပွားပူးပေါင်းဆောင်ရွက်ရေးမှာ ထားဝယ်ဆိပ်ကမ်းဟာ သေနင်ဂဗျူဟာ အရ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ ဆိုပါတယ်။

ထားဝယ်ဆိပ်ကမ်းဟာ အရှေ့နဲ့ အနောက်ကုန်သွယ်ရေးမှာ နောက်ထပ်အရေးပါတဲ့ ကုန်သွယ်ရေးတံခါးပေါက် တခု ဖြစ်လာနိုင်တာမို့ သိပ်အရေးကြီးပါတယ်။

စင်ကာပူ မလက္ကာရေလက်ကြားလို အရေးကြီးတဲ့ တံခါးပေါက် တခုဖြစ်လာမှာပါလို့ သူကဆိုပါတယ်။

ထားဝယ်ဆိပ်ကမ်းနဲ့ ထိုင်းနိုင်ငံ လန်ချပန် ရေနက်ဆိပ်ကမ်းကိုလည်း ဆက်သွယ်ထားမယ်လို့ သူက ဆိုပါတယ်။

ဒါ့ကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်းဟာ ထိုင်းမြန်မာ နှစ်နိုင်ငံအတွက်သာ မက နိုင်ငံတကာ ကုန်သွယ်ရေး အတွက်ပါ အရေးကြီးပါတယ်လို့ သူကဆိုပါတယ်။