နအဖကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက် တရုတ် တိုက်ခိုက်

  • 19 နိုဝင်ဘာ 2010
election
Image caption နိုဝင်ဘာ ရွေးကောက်ပွဲ လွတ်လပ် တရားမျှတမှု မရှိလို့ အထွေထွေ ညီလာခံ ဆုံးဖြတ်

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချထားပြီး နိုဝင်ဘာ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတမှု မရှိဘူးလို့ ဆိုထားတဲ့ အထွေထွေ ညီလာခံ ပြဌာန်း ဆုံးဖြတ်ချက်ကို တရုတ်က အပြင်းအထန် ထိုးနှက် တိုက်ခိုက်ခဲ့ပါတယ်။

ဒီပြဌာန်းဆုံးဖြတ်ချက်ကို မဲခွဲရာမှာ ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၂၈ မဲနဲ့ ကြားနေမဲ ၆၀ ရှိပါတယ်။

ကန့်ကွက်တဲ့ နိုင်ငံတွေမှာ တရုတ်ပါပြီး ဒီပြဌာန်း ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတွင်းက တိုးတက်မှုတွေကို အသိအမှတ် မပြုဘူးလို့ တရုတ် သံအမတ်က ပြောပါတယ်။

တရုတ်ဟာ စီးပွားရေးအရ အင်အားကြီးလာတဲ့ အလျောက် နိုင်ငံရေး ကိစ္စတွေမှာလည်း တွင်ကျယ်ချင်လာတဲ့ အရိပ်အယောင်တွေ မကြာသေးခင် နှစ်တွေက စပြီး တွေ့လာရပါတယ်။

သက္ကရာဇ် နှစ်ထောင် မတိုင်ခင်က ကုလသမဂ္ဂမှာ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ မဲတောင် မခွဲဘဲ ဆုံးဖြတ်နိုင်ခဲ့တာတွေ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အားပျော့အောင် တရုတ်က ဦးဆောင် လုပ်လာတာကို သတိပြုမိတယ်လို့ အဝေးရောက် ညွန့်ပေါင်း အစိုးရရဲ့ ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ဘီဘီစီကို ပြောပြပါတယ်။

ကမ္ဘာမှာ အင်အား ချိန်ခွင်လျှာတွေ ပြောင်းလာတာနဲ့ အမျှ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေမှာ စိန်ခေါ်မှုတွေ ရှိလာတယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

တချိန်ထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး အကြိမ်အဖြစ် တယ်လီဖုန်းကနေ ဆက်သွယ် စကားပြောခဲ့ပြီး မြန်မာ နိုင်ငံက အမျိုးသား ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးတွေမှာ နိုင်ငံသား အားလုံး ပါဝင်နိုင်အောင် နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့ အလေးအနက် ပြောခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားတွေ လွတ်ရေးဟာ သူဦးစားပေး လုပ်ဆောင်မဲ့ အလုပ်တခု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။