တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များနဲ့ ဒေါ်စုတွေ့

  • 19 နိုဝင်ဘာ 2010
DASSK
Image caption နိုင်ငံရေး၊ လူမှုရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး

၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့ကြတဲ့ တသီးပုဂ္ဂလ ကိုယ်စား လှယ်တွေထဲက ဒေါက်တာ ဖုန်းဝင်း၊ ဒေါ်ယူဇာ မော်ထွန်း၊ ဦးတင်ဆန်း၊ ဦးစန်းမြင့်၊ ဦးမိုးမြင့်၊ ဦးသိန်းတန် အပါအဝင် ကိုယ်စားလှယ် ၁၂ ဦးလောက်ဟာ ဒီကနေ ၁၀ နာရီလောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ သွားရောက် တွေ့ဆုံ ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့တဲ့အခါမှာ မိမိတို့အနေနဲ့ ဘာ့ကြောင့် ရွေးကောက်ပွဲ ဝင်ခဲ့ ကြတယ်ဆိုတာနဲ့ ရှေ့မှာ ဘာတွေ ဆက်လုပ်ကြမလဲ ဆိုတဲ့ အချက်တွေကို ရှင်းပြ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သွားရောက်တွေ့ ဆုံသူတွေထဲမှာ ပါဝင်တဲ့ ဒေါ်ယူဇာမော်ထွန်းက ဘီဘီစီကို ပြောပါတယ်။

အခုလို တွေ့ဆုံတာဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးပြီးချင်းပဲ တွေ့ခွင့်ရဖို့ မိမိတို့အနေနဲ့ တောင်းဆိုထားခဲ့လို့ ရက်ချိန်းအရ ဒီကနေ့ သွားတွေ့ခဲ့ကြတာ ဖြစ်တယ် လို့လည်း ဒေါ်ယူဇာမော်ထွန်းက ပြောပါတယ်။

Image caption ရွှေဂုံတိုင်က NLD ရုံးချုပ်မှာ တွေ့ဆုံ

မိမိတို့အနေနဲ့တိုင်းပြည်ကောင်းဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုတဲ့ အလုပ်ဟူသမျှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ဥပမာ AIDS ရောဂါရှင်များအရေးလို ကိစ္စရပ်မျိုးက အစ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတဲ့အကြောင်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း တိုင်းပြည်အတွက် ရပ်တည်ချက်ကောင်း ကောင်းနဲ့ ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တာမို့ အလိုလို ဒေါ်စုကို ဝန်းရံပြီးသား ဖြစ်သွားတဲ့ သဘောပါပဲလို့ ဒေါ်ယူဇာမော်ထွန်းက ဘီဘီစီကို ပြောပြသွားပါတယ်။