အေအိုင်ဒီအက်စ် ဝေဒနာသည်များ အနှင်ခံရ

  • 19 နိုဝင်ဘာ 2010
DASSK
Image caption ဝေဒနာသည်များကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေး

အန်အယ်လ်ဒီလူမှုအထောက်ကူအဖွဲ့က မဖြူဖြူသင်းဦးဆောင်ပြီး ကူညီ စောင့်ရှောက် ထားတဲ့ တောင်ဒဂုံမြို့နယ်က အိပ်ချ်အိုင်ဗီ ရောဂါကူးစက်ခံထား ရသူတွေကို နို၀င်ဘာ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံပြီးတဲ့ နောက်ပိုင်း အဲဒီမှာ အိမ်မှာနေတဲ့ သူအားလုံးကို ဧည့်စာရင်း တိုင်ခွင့်မပေးတော့ဘူးလို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ခေါ်ပြောခဲ့ပါတယ်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် အမှတ် ၁၈ ရပ်ကွက်၊ ကမ္ဘောဇ ၂ လမ်းမှာရှိတဲ့ နေအိမ်မှာ ဆေးဝါးကုသဖို့ ခိုလှုံနေကြတဲ့ အိပ်ချ်အိုင်ဗွီ ဝေဒနာရှင် ၈၀ ကျော်ကို မနက်ဖြန်ကစပြီး ဧည့်စာရင်းတိုင်ခွင့်မပေးတော့ဘူးလို့ အာဏာပိုင်တွေက မနေ့ညက ခေါ်ပြောခဲ့တာပါ။

တောင်ဒဂုံ မယက ဥက္ကဋ္ဌ ဦးကိုကိုလှိုင်ကနေပြီးတော့ ဝေဒနာရှင်တွေရဲ့ ခေါင်းဆောင်ကို ခေါ်ယူသတိပေးလိုက်တာဖြစ်ပါတယ်။

Image caption ဝေဒနာရှင်တစ်ဦးကို ပန်းစည်းလက်ဆောင်ပေး

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဝေဒနာသည်တွေကို ကူညီ စောင့်ရှောက် ပေးနေတဲ့ တာ၀န်ခံ ကိုရာဇာက ''၂၀ ရက်နေ့ဆိုရင် ခင်များတို့ ဧည့်စာရင်းကုန်ပြီ။ ကုန်ပြီဖြစ်တဲ့ အတွက် ခင်များတို့ကို ဆက်မပေးတော့ဘူး။ ၂၅ ရက်နေ့ထိ ကြိုက်သလိုနေ ၂၅ ရက်နေ့ နောက်ပိုင်း ဆက်နေရင်တော့ တရားစွဲမယ်လို့ပြောတယ်တဲ့'' လို့ ဘီဘီစီကို ပြန်ပြောပြပါတယ်။

မယက ဥက္ကဋ္ဌက ဝေဒနာရှင်တွေကို ဘာကြောင့်နေခွင့်မပေးတော့သလဲဆိုတာ တိတိကျကျမပြောပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လာပြီးနောက်ပိုင်းမှာ ခုလိုဖြစ်တာကြောင့် ဒါနဲ့ပဲဆက်နွယ်နိုင်တယ်လို့ ကိုရာဇာ ပြောပါတယ်။

ဝေဒနာသည်တွေကလည်း ဒီနေရာကနေ မပြောင်းချင်ကြဘူးလို့ ပြောပါတယ်။

''ဒီမှာရှိတဲ့လူနာတွေအားလုံးကလည်း တစိတ်တည်းပဲ မပြောင်းဘူး နယ်မှာက အကုန်အသေအပျောက်တွေချည်းပဲ ဒီမှာကစနစ်ကျတယ် ဆေးဝါးကုသမှုနဲ့ပတ်သက်လို့ လိုအပ်မှုတွေပေးနိုင်တယ်။ ဒါကြောင့်မို့ ဒီအိမ်မှာလာပြီး လူနာတွေက စုနေကြတာပါ''လို့ ဝေဒနာရှင်တစ်ဦးဖြစ်တဲ့ ဦးထင်အောင်က ပြောပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝေဒနာသည်တွေကို လူအမြောက်အများ လာရောက်အားပေးခဲ့ကြ

ဝေဒနာရှင်တွေဟာ နိုင်ငံ အနှံ့အပြားက လာရောက် ဆေးဝါးကုသ ခံယူသူတွေ ဖြစ်တာကြောင့် တခြားခိုလှုံစရာ မရှိတဲ့အတွက် သူတို့အနေနဲ့ ဒီနေရာမှာပဲ ဆက်နေမယ်လို့ ပြောပါတယ်။

တကယ်တော့ ဝေဒနာရှင်တွေဟာ ၂၀၀၇ စက်တင်ဘာသံဃလှုပ်ရှားမှုမဖြစ်ခင်တုန်းက သင်္ကန်းကျွန်း မဂ္ဂင်ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်ခဲ့ သူတွေဖြစ်ပါတယ်။ ဒါပေမဲ့ သံဃအရေးအခင်းဖြစ်ပြီးတဲ့နောက်ပိုင်း မဂ္ဂင်ကျောင်းတိုက်ကို အာဏာပိုင်တွေက ချိတ်ပိတ်လိုက်တာကြောင့် ဝေဒနာသည်တွေကို အန်အယ်လ်ဒီ လူမှုအထောက်ကူပြုအဖွဲ့က ကူညီစောင့်ရှောက်ခဲ့ရတာဖြစ်ပါတယ်။