ဒေါ်စု ဦးဆောင်ရင် ဒုတိယ ပင်လုံညီလာခံ ဖြစ်လာနိုင်

  • 20 နိုဝင်ဘာ 2010
ASSK elders
Image caption သက်ကြီး နိုင်ငံရေး သမားကြီးတွေကို ဒေါ်အောင်ဆန်း စုကြည် ဂါရဝပြု

ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေး ကိစ္စကို ဒေါ်အောင်ဆန်း စုကြည် ဦးဆောင် လုပ်ပေးဖို့ သက်ကြီး ပူဇော်ပွဲ အခမ်းအနား တခုမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက တင်ပြ ပြောဆိုခဲ့ကြပါတယ်။

စနေနေ့ မနက်က ဝါရင့် နိုင်ငံရေး သမားကြီး တွေ အပါအဝင် ဒီမိုကရေစီ လိုလားသူ သက်ကြီး ရွယ်အို တွေကို ဂါရဝ ပြု ကန်တော့တဲ့ အခမ်းအနား ကို ဝါရင့် နိုင်ငံရေး သမားကြီး သခင် သိန်းဖေရဲ့ နေအိမ်မှာ ကျင်းပခဲ့တာပါ။

အဲဒီ အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည်လည်း လာရောက် ဂါရဝ ပြုခဲ့ရာမှာ မြန်မာ့ နိုင်ငံရေးကို ဒေါ်အောင်ဆန်း စုကြည် ဆက်လက် ဦးဆောင်သွားဖို့ ဝါရင့် နိုင်ငံရေး သမားကြီး တွေက တိုက်တွန်း ပြောသွားခဲ့ကြသလို ထောက်ခံသူပေါင်း ၁၀၉ ဦး လက်မှတ် ရေးထိုးထားတဲ့ ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေး ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာ စာတမ်းကိုလည်း ဒေါ်အောင်ဆန်း စုကြည်ကို တိုင်းရင်းသား ခေါင်းဆောင်တွေက ဒီအခမ်းအနားမှာ လွှဲအပ်ပေးခဲ့ပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေ တင်ပြသလို ဒီကိစ္စကို ဦးစီး ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဖက်က လက်ခံခဲ့ပေမဲ့ သူတဦးတည်းနဲ့ မဖြစ်ဘဲ အဖွဲ့အစည်း အားလုံး ပါဝင် ကူညီမှ ဖြစ်မယ်လို့ ပြောသွားခဲ့ကြောင်း ဇိုမီး အမျိုးသား ကွန်ဂရက် ဥက္ကဌ ဦးကျင့်ရှင်းထန်က ဘီဘီစီကို ပြောပြပါတယ်။

ပင်လုံ ညီလာခံမှာ အစိုးရ ပါဝင်ချင်ရင် ပါဝင်နိုင်မှာ ဖြစ်ပြီး တကယ်လို့ တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်ဖို့ လိုချင်တယ်၊ လူမျိုးအနေနဲ့ နောက်ကျတာကို မလိုလားဘူး၊ ကမ္ဘာနဲ့ ရင်ဘောင် တန်းပြီး လုပ်နိုင်ရမယ် ဆိုတဲ့ အမြင်မျိုး စိတ်ထဲမှာ တကယ်တမ်း ရှိတယ် ဆိုရင်တော့ အစိုးရပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ပင်လုံ ညီလာခံကို လက်ခံမှာ ဖြစ်တယ်လို့ ဦးကျင့်ရှင်းထန် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အများ ကြည်ညို လေးစားတဲ့သူ တဦး ဖြစ်တာမို့ ဒီဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေး ကိစ္စကို ဦးဆောင် လုပ်မယ်ဆိုရင် အကောင်အထည် ပေါ်လာနိုင်မယ်လို့ သူတို့ အနေနဲ့ ယုံကြည်တဲ့အတွက် အခုလို တာဝန် လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ ဦးကျင့်ရှင်းထန် က ဘီဘီစီကို ပြောသွားပါတယ်။