မြောက်ဦးရထားလမ်းကိစ္စ ရခိုင်ပါတီ ပြောဆို

  • 20 နိုဝင်ဘာ 2010

ရခိုင်ပြည်နယ်က ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ပေါကြွယ်ဝတဲ့ မြောက်ဦးမြို့ကို ဖြတ်ပြီး ရထားလမ်း ဖေါက်ဖို့ စစ်အစိုးရက တာဝန်ပေး လုပ်ဆောင် နေတာကို ဒေသခံတွေက ကန့်ကွက်နေကြသလို ရခိုင်ပြည်နယ် ကိုယ်စားပြု ရွေးကောက်ပွဲ ဝင်ထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကလည်း ပြောဆို လာပါတယ်။

Image caption ရှေးဟောင်းအမွေအနှစ်တွေ ပေါကြွယ်ဝရာ ရခိုင်ပြည်၊ မြောက်ဦးမြို့

ခေတ်ဟောင်း သမိုင်းဝင် နေရာအဖြစ် ယူနက်စကိုကတောင် သတ်မှတ်ခဲ့တဲ့ နယ်မြေထဲကို ဖြတ်သန်းပြီး ရထားနဲ့ ကားလမ်း ဖေါက်ဖို့ စဉ်းစားတဲ့အခါ ဒေသခံ သမိုင်းသုတေသနဌါန၊ သမိုင်းသုတေသီတွေ ဆရာတော်ကြီးတွေနဲ့ မြို့မိမြို့ဘတွေကို တိုင်ပင်ပြီးမှ ဖေါက်လုပ်သင့်ကြောင်း ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။

ရထားလမ်း ကားလမ်း ဖေါက်လုပ်ခြင်းအားဖြင့် သမိုင်းဝင် အဆောက်အဦတွေ ဘယ်လောက်အထိ ထိခိုက်သွားနိုင်တယ် ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း သူက ဆိုပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ရွေးချယ်ခံ လွှတ်တော် အမတ်တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို လေ့လာနေပြီး ပါလီမန်မှာပဲဖြစ်ဖြစ် ပါလီမန်ပြင်ပမှာပဲ ဖြစ်ဖြစ် ပြောဆိုသွားမယ်လို့ သိရပါတယ်။

ဒီရထားလမ်းကို ဒီအတိုင်းဖေါက်ခြင်းအားဖြင့် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးဖို့ ရှိတဲ့အကြောင်း ဒေသခံ ရှေးဟောင်း သမိုင်းပညာရှင်တွေကလည်း ဗိုလ်ချုပ်မှူးကြီးထံနဲ့ ရှေးဟောင်းသမိုင်းသုတေသန ဦးစီးဌါန၊ မီးရထားလုပ်ငန်းလုပ်တဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးထံ တင်ပြထားတဲ့အကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒီလို တင်ပြတဲ့သဘောက အစိုးရရဲ့ ဒီရထားလမ်းဖေါက်တဲ့ကိစ္စကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ က ကန့်ကွက်တဲ့ သဘောတော့ မဟုတ်တဲ့ အကြောင်း ရထားလမ်း ဖေါက်တဲ့အခါ ရှေးဟောင်း အမွေအနှစ်တွေလည်း မပျက်စီးရအောင်နဲ့ ဒေသခံပြည်သူများရဲ့ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေတဲ့ ကိစ္စ ဟိုဘက်ဒီဘက် ထည့်သွင်းစဉ်းစားပြီးမှ လုပ်သင့်တယ်ဆိုတာ တင်ပြခြင်းသာဖြစ်တဲ့အကြောင်း ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပြပါတယ်။