အမေရိကန် ချဉ်းကပ်ပုံသစ် ဒေါ်စု သတိနဲ့ကြို

  • 20 နိုဝင်ဘာ 2010
Aung San Suu Kyi
Image caption AIDS ဝေဒနာသည်တွေကို မကြာခင်က သွားကြည့်ခဲ့တဲ့ ဒေါ်စု

အမေရိကန်ရဲ့ နအဖနဲ့ ဆက်ဆံရေး ပေါ်လစီသစ်ကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုပေမဲ့ နှင်းဆီရောင် မျက်မှန် တပ်မကြည့်မိဖို့ သတိ ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးမြှင့်ရရှိရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှစ်ခုလုံး လိုအပ် နေဆဲပဲလို့ ဒေါ်အောင်ဆန်းစုကြည်က CNN ရုပ်သံက မေးမြန်းရာမှာ ပြောပါတယ်။

အမေရိကန်ဟာ စစ်အစိုးရနဲ့ ဆက်ဆံရေး ပေါ်လစီသစ်ကို ချမှတ်ကျင့်သုံးတဲ့အခါ အတော်များများက အမေရိကန်ဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကို ကျောခိုင်းသွားပြီလို့ ပြောကြပေမဲ့ တကယ်တမ်းမှာ သူ့အနေနဲ့ အဲ့သလို မယူဆကြောင်း၊ ဒီဆက်ဆံရေး ပေါ်လစီသစ်ဟာ တကယ်တော့ ကောင်းတဲ့အရာ ဖြစ်ကြောင်း၊ တခုပဲ သတိထားသင့်တာက ပြောခဲ့သလို နှင်းဆီရောင် မျက်မှန်တပ်ပြီး အစိုးရနဲ့ ဆက်ဆံတာမျိုး မလုပ်စေချင်တာသာ ဖြစ်တယ်၊ စစ်အစိုးရနဲ့ လက်တွေ့ ကျကျ ဆက်ဆံတာကိုသာ ဖြစ်စေချင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က စီအင်အင်ရုပ်သံသတင်းနဲ့ မေးမြန်းခန်းမှာ ပြောသွားပါတယ်။

တခါ ရုသျှအစိုးရက မြန်မာနိုင်ငံက အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုရာမှာ နအဖရဲ့ နိုဝင်ဘာ ရွေးကောက်ပွဲဟာ သူတို့ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ ကိုက်ညီမှုရှိပြီး ဒီမိုကရေစီဖော်ဆောင်ရေးမှာ အရေးပါတဲ့ မှတ်တိုင်တခု အဖြစ် မြင်ကြောင်း၊ အလားတူ ဒေါ်အောင်ဆန်း စုကြည် ပြန်လွတ်လာတာကိုလည်း ဥပေဒေနဲ့ အညီလုပ်တဲ့ လုပ်ရပ်အဖြစ် မြင်တယ်လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။