ဒေါ်စု သတင်းဖေါ်ပြလို့ ဂျာနယ် တချို့ ပိတ်ခံရ

  • 21 နိုဝင်ဘာ 2010

ဒေါ်အောင်ဆန်း စုကြည် သတင်း ဖေါ်ပြခဲ့မှုနဲ့ မြန်မာနိုင်ငံတွင်းမှာ ထုတ်ဝေတဲ့ ဂျာနယ် အတော်များများကို စာပေ စိစစ်ရေးက ပိတ်လိုက်ပါတယ်။

Image caption မျက်နှာဖုံးပြည့် ဖော်ပြခဲ့တဲ့ ဂျာနယ်တချို့ အရေးယူခံရ

စာပေ စိစစ်ရေးရုံးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ Hot News ဂျာနယ်နဲ့ First Eleven အားကစား ဂျာနယ်တွေ ကို ၂ ပတ် ပိတ်လိုက်ပြီး Seven Days ဂျာနယ်၊ Venus News ဂျာနယ်၊ Myanmar Newsweek ဂျာနယ်၊ လျှပ်တပြက် ဂျာနယ်၊ Myanmar Post ဂျာနယ်၊ ပြည်သူ့ခေတ် ဂျာနယ်နဲ့ The Voice ဂျာနယ် တွေကိုတော့ တပတ် ပိတ်လိုက်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်း စုကြည် သတင်း ဖေါ်ပြဖို့ စာပေ စိစစ်ရေးက ခွင့်ပြုခဲ့ပေမဲ့ ဂျာနယ် အတွင်းမှာပဲ ဖေါ်ပြခွင့် ပြုထားခဲ့တာပါ။

၂ပတ် ပိတ်ခံရတဲ့ ဂျာနယ်တွေက ဒေါ်အောင်ဆန်း စုကြည် သတင်းကို မျက်နှာဖုံးမှာ ရုပ်ပုံ အပြည့်နဲ့ ဖေါ်ပြခဲ့မှုနဲ့ ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကျန်တဲ့ ဂျာနယ်တွေက ဒေါ်အောင်ဆန်း စုကြည် ပုံကို အတွင်းမှာပဲ ဖေါ်ပြခဲ့ပေမဲ့ ဂျာနယ် ရောင်းတဲ့သူတွေက လူတွေ ဝယ်အောင် ဒေါ်အောင်ဆန်း စုကြည် ပုံကို အပြင် ထုတ်ပြီး ရောင်းခဲ့ကြရာမှာ မျက်နှာဖုံးခွင့် မပြုတာကို မျက်နှာဖုံး လုပ်သလို ဆိုပြီး ဖြစ်သွားတဲ့ အတွက် အရေးယူခံခဲ့ရတာလို့ ဆိုပါတယ်။

အခုလို ဂျာနယ်တွေ အစုလိုက် အပြုံလိုက် တပြိုင်တည်း အပိတ်ခံရတာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။

ရွေးကောက်ပွဲ ပြီးသွားပေမဲ့ မီဒီယာ သတင်းလောကအပေါ် ကန့်သတ်မှုတွေ ကတော့ ဘာမှာ ထူးခြား တိုးတက်မှု မရှိဘူးလို့ ပြည်တွင်း သတင်း ဂျာနယ် အယ်ဒီတာ တဦးက ဘီဘီစီကို ပြောပါတယ်။