ဂီရိမုန်တိုင်းဒဏ်ခံ မြေပုံမြို့မှာ အကူအညီလိုနေဆဲ

  • 21 နိုဝင်ဘာ 2010
Image caption အကူအညီတွေက မလုံလောက်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှာ ဂီရီ လေမုန်တိုင်းဒဏ်ခံခဲ့ရတာ တလပြည့်ပါပြီ။

ရခိုင်ပြည်နယ်က လေမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြေပုံမြို့မှာ သောက်ရေသန့် ၊ ဆန်နဲ့ အမိုးအကာတွေ လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်ခြင်းမရှိသေးဘူးလို့ မြေပုံမြို့ကို ရောက်နေတဲ့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ ဥက္ကဌ ဦးအေးသာအောင်က ပြောပါတယ်။

WFP ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်နဲ့ NGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကူညီထောက်ပံ့နေပေမယ့် အပျက်အစီးနဲ့ ကူညီထောက်ပံ့မှုက မကာမိဘူးလို့ ဆိုပါတယ်။

လယ်ဧက ထောင်ပေါင်းများစွာ ပျက်စီးသွားလို့ နောက်နှစ် လယ်စိုက်ဖို့ မျိုးစပါးတွေနဲ့ အထောက်အပံ့တွေလိုတယ်လို့ ပြောပါတယ်။

အမိုးအကာအတွက် ဓနိတွေ တာလပတ်တွေ အဓိကလိုသလို ရေတွင်းရေကန်တွေကို ရေငံ ဝင်သွားတဲ့ အတွက် သောက်သုံးရေသန့် ရရှိရေး လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ သူကပြောပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့က တိုက်ခဲ့တဲ့ လေမုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၂သိန်း၆ သောင်းလောက် ဒုက္ခရောက်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။