ဒီချုပ် လူငယ်တွေနဲ့ ဒေါ်စုတွေ့ဆုံ

  • 22 နိုဝင်ဘာ 2010
Daw Aung San Suu Kyi
Image caption လူငယ်တွေနဲ့ ဒေါ်စုတွေ့ဆုံ

တိုင်းနဲ့ပြည်နယ် အသီးသီးက NLD လူငယ် ၂၀၀ လောက်ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒီကနေ့ တွေ့ ဆုံဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးခဲ့ကြတဲ့ အဓိက အကြောင်းတွေကို တနင်္သာရီတိုင်း NLD လူငယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး ကိုသန်းစိုးက ပြောပြရာမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက အစီရင်ခဲ့စာ တင်ကြတဲ့ အကြောင်း၊ ဆက်သွယ်ရေး ကောင်းမွန်တဲ့ ကွန်ယက် တစ်ခု တည်ဆောက်နိုင်ဖို့နဲ့ NLD လူငယ် အပါအဝင် မြန်မာ တနိုင်ငံလုံးက လူငယ်တွေ အားလုံးပါဝင်နိုင်တဲ့ လူငယ် ညီလာခံ ကြီးတစ်ခု လုပ်နိုင်ဖို့ အခြေခံ တည်ဆောက်ရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ကြတာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

NLD လူငယ် အတွင်း အထက်အောက် မကြေလည်မှုတွေ၊ လူငယ်တွေအတွင်း သဘောထားကွဲပြားမှုတွေကိုတော့ ပါတီပိုင်းအနေနဲ့ ဒီကနေ့ မဆွေးနွေး ခဲ့ကြတဲ့ အကြောင်းနဲ့ ပါတီနဲ့ သဘောထားကွဲလို့ ခွဲထွက်သွားကြတဲ့ လူငယ်တချို့တော့ ဒီအစည်းအဝေးမှာ မပါဝင်နိုင်ကြပေမယ့် ဒီလူငယ်တွေနဲ့ ပြန်လည် ထိတွေ့ ပေါင်းစည်းနိုင်ရေး ကိစ္စကို ဒေါ်အောင်ဆန်း စုကြည်က နောက်တကြိမ် ထပ်မံဆွေးနွေးဦး မှာဖြစ်ကြောင်း ကိုသန်းစိုးက ပြောပါတယ်။

လူငယ်တွေကို လူကြီးပိုင်းက လက်ဆင့် ကမ်း တာဝန်ပေး လုပ်ဆောင်သွားရေး ကိစ္စကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ ကြတဲ့အကြောင်း လူငယ်တွေရဲ့ မျှော်လင့်ချက်ကတော့ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေးပဲဖြစ်ကြောင်း ခေါင်းဆောင်ကောင်းနောက်က ကျရာတာဝန်ထမ်းမယ့် နောက်လိုက် ကောင်းတွေဖြစ်ဖို့ပါပဲလို့လည်း ကိုသန်းစိုးက ဘီဘီစီကို ပြောပြသွားပါတယ်။

နောက်အပတ်ကစပြီး ပြည်နယ်နှင့်တိုင်း တခုချင်းစီနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ဆက်လက် တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်သွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။