တပ်သားတယောက်က လင်းခေးမှာ အဓမ္မပြုကျင့်

  • 26 နိုဝင်ဘာ 2010
ရှမ်းပြည်နယ်နိမိတ်မြေပုံ
Image caption ရှမ်းပြည်နယ်နိမိတ်မြေပုံ

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်က နမ့်အွန်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၇၈ က တပ်သားတစ်ယောက်ဟာ အသက် ၁၆ နှစ်အရွယ် မိန်းခလေးတစ်ယောက်ကို အဓမ္မပြုကျင့်ပြီး သူမရဲ့ မိဘတွေကိုလည်း သေနတ်နဲ့ ပစ်သတ်လိုက်တဲ့အမှု ဖြစ်ပွါးခဲ့ပါတယ်။

နမ်းခန်းနဲ့၃ မိုင်လောက်ဝေးတဲ့ ဟွမ်ဟေစင်ကျေးရွာမှာ ဒီအမှု ဖြစ်ပွါးခဲ့တာပါ။ ပြီးခဲ့တဲ့ စနေနေ့ညက ခမရ ၅၇၈ က စစ်သားတစ်ယောက်ဟာ ချောင်းစပ်နားမှာရှိတဲ့ အဲဒီမိသားစုနေအိမ်ကိုရောက်လာပြီး နန်းလောင်စင်ကို အတင်းဆွဲတဲ့အခါ ဝင်ရောက်တားကြတဲ့မိဘနှစ်ပါးကို နေရာမှာတင် ပစ်သတ်လိုက်ပါတယ်။ နမ်းလောင်စင်ကိုတော့ တောထဲကို ဆွဲခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့ပါတယ်။

သေနတ်သံတော့ကြားတယ် ဘယ်သူမှသွားပြီးမကြည့်ရဲဘူး မနက်ထကြည့်တော့ ကောင်မလေး အဖေအမေ အလောင်းပဲတွေ့ရတဲ့အကြောင်း ကောင်မလေးက သူ့ကို တောထဲမှာ အဓမ္မပြုကျင့်တယ်လို့ပြောတဲ့အကြောင်း ရွာလူကြီးနဲ့ရွာသားတွေက သူတို့စခန်းကို သွားတိုင်လို့ အခုဆိုရင် တပ်မမှူးတို့ရောက်လာပြီး ရွာထဲမှာ ရှုပ်နေတဲ့အကြောင်း ရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

နတခမှူးကတော့ ကောင်မလေးမိဘတွေလူကြီးတွေကို ငွေ ၂သိန်းပေးပြီး သတင်းမပြန့်ပါစေနဲ့လို့ပြောတဲ့အကြောင်းကိုလည်း အဲဒီရွာသားကပဲ ပြောပါတယ်။

နမ်းလောင်စင်ကိုတော့ ရွာလူကြီးက ဆေးရုံမှာ ဆေးကုပေးခဲ့ပါတယ်။ အဓမ္မပြုကျင့်ခဲ့တဲ့စစ်သားကို သက်ဆိုင်ရာက အရေးယူထားတယ်ဆိုပေမယ့် တကယ်အပစ်ပေး မပေးဆိုတာတော့ ဘယ်သူမှ အတိအကျ မသိရသေးတဲ့အကြောင်း ရွာသားတွေက ပြောကြပါတယ်။