ဘိန်းဖြူနေရာမှာ စိတ်ကြွဆေး နေရာယူ

  • 26 နိုဝင်ဘာ 2010
ဘိန်းဖြူနေရာမှာ မက်ဆေးပြား နေရာယူ
Image caption ဘိန်းဖြူနေရာမှာ မက်ဆေးပြား နေရာယူ

တရားမဝင် မူးယစ်ဆေးဖြစ်တဲ့ မက် အက်ဖက်တမင်း စိတ်ကြွဆေးရဲ့ အန္တရာယ်ပေး ခြိမ်းခြောက်မှုတွေကို အာရှတောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရင်ဆိုင် နေရတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေး အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

စိတ်ကြွဆေးပြားတွေက ဘိန်းဖြူနဲ့ ဘိန်းမဲနေရာတွေမှာ အစားထိုးလာနေပြီလို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။ စိတ်ကြွဆေးက အာရှတခွင်မှာ တွင်တွင်ကျယ်ကျယ် ရောင်းဝယ် ဖေါက်ကား နေတာကို တွေ့ရှိရတယ် လို့လည်း ဆိုပါတယ်။ရွှေတြိဂံဒေသမှာ ဆိုရင် ၂၀၀၉ ခုနှစ်မှာ မူးယစ်ဆေးပြား ၉၃ သန်းကျော် ဖမ်းမိတယ် လို့လည်း ဖေါ်ပြထား ပါတယ်။

၂၀၀၉ နဲ့ ၂၀၁၀ နှစ်ဦးပိုင်းက စပြီး အပစ်ရပ်တွေအပေါ် အကြပ်ကိုင်ပြီး အသွင်ပြောင်းဖို့ ဖိအားပေးလာတဲ့ နောက်ပိုင်း နအဖ က သူ့လက်အောက်မှာရှိတဲ့ ပြည်သူ့စစ် အဖွဲ့တွေကို အခွင့်အရေး ပိုပေးလာတဲ့ ၁ နှစ်ကာလ အတွင်းမှာ နယ်စပ်တွေမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပြန့်ပွါးမှု ပိုပြီးတိုးပွါးလာတာ တွေ့ရတယ်လို့ ရှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က ဘီဘီစီကို ပြောပါတယ်။

အစိုးရက နိုင်ငံဖြတ်ကျော် မှုခင်းတွေကို ပိုပြီး ထိန်းချုပ် နိုင်တယ်လို့ ပြောနေပေမယ့် မူးယစ်ဆေးတွေ ထိုင်းထဲမှာ မိတဲ့ အချိန်တိုင်း ထိုင်းက အိမ်နီးချင်း နိုင်ငံက လာတာလို့ ပြောနေသလို တရုတ် ကလည်း ဒီလိုပဲ ပြောနေတာကို ကြည့်ရင် အစိုးရ ပြောတာ မမှန်ကန်ပါဘူးလို့ ဦးစိန်ကြည်က ပြောပါတယ်။

ယေဘူယျအားဖြင့် ခြုံပြီး ပြောရမယ်ဆိုရင် နယ်စပ်ဒေသမှာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို မူးယစ်ဆေးဝါး လုပ်ငန်းနဲ့ အနည်းနဲ့ အများ ပတ်သက်တာတွေ ချည်းပဲ ပြောနိုင်ပေမယ့် အခု ကုလသမဂ္ဂ အစီရင်ခံစာမှာ ထူးထူးခြားခြား ပြောလာတာ ကတော့ ဒေသခံ နအဖ အာဏာပိုင်တွေဟာ မူးယစ်ဆေး အဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ ဆိုလာ တာဟာ အမှန်တရားနဲ့ ပိုပြီး နီးစပ်လာတဲ့ သဘော ဖြစ်ကြောင်း ဦးစိန်ကြည်က ပြောပါတယ်။

နအဖက မူးယစ်ဆေးတွေကို မီးပုံရှို့ပြတာဟာ တကယ် လုပ်ပြတာလည်း ဖြစ်နိုင်သလို ဟန်ပြ လုပ်ပြတာလည်း ဖြစ်နိုင်တယ်၊ တခါ တရုတ်က ဖိအားပေးလို့ လုပ်ပြတာ ဖြစ်ပေမယ့် အခုတော့ မူးယစ် ရာဇာတွေကို အခွင့်အရေး ပေးလာလို့ တချို့ဆိုရင် ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ် တွေတောင် ဖြစ်လာကြတယ်လို့ ဦးစိန်ကြည်က ရှင်းပြ ပါတယ်။

စိတ်ကြွဆေးပြားတွေက ဘိန်းဖြူနဲ့ ဘိန်းမဲနေရာတွေမှာ အစားထိုးလာနေပြီလို့ ကုလသမဂ္ဂ အစီရင်ခံစာ တစ်ရပ်မှာ ထုတ်ပြန် ထားပါတယ်။ စိတ်ကြွဆေးက အာရှတခွင်မှာ တွင်တွင် ကျယ်ကျယ် ရောင်းဝယ် ဖေါက်ကား နေတာကို တွေ့ရှိရတယ် လို့လည်း ဆိုပါတယ်။