ပြည်သူတွေက ဘောင်ချဲ့ယူနေတာ

  • 23 နိုဝင်ဘာ 2010

ဒေါ်အောင်ဆန်းစုကြည်နောက် လူထုလိုက်တာဟာ လူထုက ကိုယ့်အခွင့်အရေး အတွက် ကိုယ်ကိုယ်တိုင် ဘောင်ချဲ့လာတာဖြစ်ပြီး မီဒီယာတွေလည်း အလားတူ ပါပဲလို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ အခြေစိုက် ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်ဇော်က ပြောပါတယ်။

Image caption အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တက်တူးနဲ့ အမေနဲ့ ပြန်တွေ့ခွင့်ရခဲ့တဲ့သား ကိုထိန်လင်း

လူထုက ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါတဲ့ တီရှပ်အင်္ကျီတွေ ဝတ်ပြီး သူ့ကို ထောက်ခံမှု ပြတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ ကိုင်ဆောင်ပြီး ထောက်ခံတာတွေက လူထု ကိုယ်တိုင်က တိုးချဲ့ လုပ်လာတာလို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး နောက်ပိုင်းမှာ ပြည်တွင်းထုတ် ပုဂ္ဂလိက သတင်းဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို အကြီးချဲ့ပြီး ဖော်ပြတာ၊ သတင်းနဲ့ ဆောင်းပါးတွေ ရေးတာဟာလည်း စစ်အစိုးရက ခွင့်ပြုတာ မဟုတ်ဘဲ မီဒီယာသမားတွေ ကသာ ဘောင်ချဲ့ လုပ်ကိုင်တာပါလို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်မှာ အခုလို လွတ်လွတ်လပ်လပ် လူထုကြား သွားလာနိုင်တာ၊ စည်းရုံးရေး ဆင်းနိုင်တာတွေဟာ အချက် သုံးချက်ကြောင့် ဖြစ်နိုင်တယ်လို့ ဦးအောင်ဇော်က သုံးသပ်ပါတယ်။

``ရွေးကောက်ပွဲဆိုတာက စစ်အစိုးရက နေ့ခင်းကြောင်တောင် ဓားပြတိုက်ထားတာပဲ၊ ဒီတော့ တချိန်တည်းမှာပဲ လူထုကို မျှော်လင့်ချက် အတုအယောင် ပေးချင်လို့ လွှတ်တာလား၊ နိုင်ငံတကာနဲ့ ပြည်တွင်းလူထုကို ချွေးသိပ်ချင်လို့လား၊ ရွေးကောက်ပွဲလည်း နိုင်ပြီ၊ လွှတ် လိုက်လို့ရပြီ၊ အချိန်မရွေးလည်း ပြန်ဖမ်းလို့ ရတယ်ဆိုတဲ့ တွက်ကိန်းနဲ့ လွှတ်တာလား ဒီလို တွက်ကြတယ်`` လို့ သူက ပြောပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာ နှစ်ပတ်လောက်ပဲ အချိန် ကြာသေးတယ်၊ ရန်ကုန်မြို့ထဲပဲ သွားလာခွင့် ရသေးတယ်၊ မီဒီယာတွေမှာလည်း သတင်း ဂျာနယ်တွေ မျက်နှာဖုံးမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနဲ့ သတင်းမဖော်ပြရ ဆိုတာတွေနဲ့ ကန့်သတ် တာတွေ ရှိလာတော့ စစ်အစိုးရရဲ့ ခြေလှမ်းကို စောင့်ကြည့်ရဦးမယ်လို့ သူက ဆက်လက် ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သွားလာလှုပ်ရှားခွင့်တွေ ပေးထားပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဆက်လက် ရပ်တည်ခွင့် အတွက် အစိုးရ အပေါ် တရားစွဲဆို ထားတာကို နေပြည်တော် တရားရုံးချုပ်က ပယ်ချလိုက်တာနဲ့ ပတ်သက်လို့တော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံရေး ပလက်ဖောင်း ခင်းပေး လိုက်သလို ဖြစ်သွားနိုင်တာမို့ ပယ်ချ လိုက်တာ ဖြစ်နိုင်တယ်လို့ ဦးအောင်ဇော်က သုံးသပ်ပါတယ်။