တောင်မြောက် ကိုးရီးယား တိုက်ခိုက်မှု

  • 23 နိုဝင်ဘာ 2010
Korea
Image caption Yeongpyeong ကျွန်းပေါ်က မီးခိုးငွေ့များ

ကိုးရီးယားစစ်ပွဲပြီးကတည်း အဆိုးဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်တဲ့ တောင် ကိုးရီးယားနဲ့ မြောက်ကိုးရီးယားနှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုမှာ ဘယ်သူက စပစ်ခတ်တယ် ဆိုတာကို နှစ်နိုင်ငံစလုံးက အပြန်အလှန် စွပ်စွဲပြောဆို နေကြပါတယ်။

တစ်နာရီကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး နယ်စပ် အနီး တောင်ကိုးရီးယားကျွန်း တစ်ခုပေါ်ကို မြောက်ကိုးရီးယားဘက်ကနေ ဗုံးမိုး ရွာချခဲ့တာကြောင့် တောင်ကိုးရီးယား စစ်သား ၂ ဦးသေဆုံးပြီး စစ်သားနဲ့ အရပ်သား ၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

အိမ်တွေ မီးလောင်သလို အရပ်သားတွေလည်း ကတုတ်ကျင်းတွေထဲမှာ ဝင်ပြီး ခိုလှုံနေရပါတယ်။

ဒေသခံ ကိုးရီးယားလူမျိုးတစ်ဦးပြောတာက အသံတွေကြောင့် သူအိပ်ယာနိုးတော့ အဆောက်အအုံတွေ မီးလောင်နေတာကို အံ့အားသင့်စွာ တွေ့ရတယ်လို့ ပြောပါတယ်။

မြောက်ကိုးရီးယားဘက်ကတော့ ဒါဟာ တောင်ကိုးရီးယားဘက်က စပစ်တာ လို့ ပြောပါတယ်။

တောင်ကိုးရီးယားဘက်ကလည်း သူတို့ဘက်က ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုလုပ်နေတာ မှန်ပေမယ့် မြောက်ကိုးရီးယား ဘက်ဆီကို ချိန်ရွယ်ပြီး လုပ်ခဲ့တာ မရှိကြောင်း ပြော ပါတယ်။

မြောက်ကိုးရီးယားဘက်ကနေ နောက်ထပ် တိုက်ခိုက်လာရင် ပြင်းထန်တဲ့ တုံ့ပြန်မှုကို ခံရမယ်လို့ တောင်းကိုးရီးယားဘက်က သတိပေးထားပါတယ်။

နိုင်ငံတကာက တုံ့ပြန်

ဒီဖြစ်ရပ်တွေအပေါ် အမေရိကန်နိုင်ငံက ဒီဖြစ်ရပ်အပေါ် ပြင်းပြင်ထန်ထန် ဝေဖန် ရှုံ့ချလိုက်ပါတယ်။

မြောက်ကိုးရီးယားအနေနဲ့ သူ့ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အမေရိကန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ ရရှားနဲ့ တရုတ်နိုင်ငံတို့ကလည်း ကိုးရီးယားကျွန်းဆွယ်မှာ နောက်ထပ် တင်းမာမှုတွေ ပိုမဖြစ်ဖို့ သတိပေး ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့် ရပုဂ္ဂိုလ် ဟောင် လေ့က ''တရုတ်ရဲ့ မပြောင်းလဲတဲ့ သဘောထားကတော့ ဒီကျွမ်းဆွယ်မှာ နယူကလီးယားလက်နက်မရှိရေးပဲ ဖြစ်ပါတယ်။ အခုချိန်မှာ ၆ နိုင်ငံ တွေ့ဆုံပွဲလုပ်ဖို့ အရေးကြီးနေပါပြီ''လို့ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် နာအိုတို ကန်က သူ့အစိုးရအနေနဲ့ အဆိုးဆုံးအတွက် ပြင်ဆင်ထားတဲ့ အကြောင်း ပြောပါတယ်။

တောင်ကိုးရီးယား ဗဟိုဘဏ်ကလည်း အရေးပေါ်အစည်းအဝေးလုပ်ခဲ့ပြီး ဒီဖြစ်ရပ်ကနေ နိုင်ငံတကာငွေကြေးစျေးကွက်ကို ဘယ်လို ထိခိုက်နိုင်သလဲဆိုတာကို အကဲဖြတ် သုံးသပ် နေပါတယ်။