စစ်တပ်နဲ့ SSA တောင်ပိုင်း တိုက်ခိုက်

  • 24 နိုဝင်ဘာ 2010

ထိုင်းမြန်မာနယ်စပ်အနီး ရှမ်းပြည်အရှေ့ပိုင်းက ပုန်ပါကျင်မြို့နယ်အတွင်းမှာ မနေ့က SSA South တပ်မတော် ရှမ်းပြည်တောင်ပိုင်းအဖွဲ့ အမှတ် ၂ စစ်ဒေသ လက်အောက်ခံ စစ်ကြောင်းနဲ့ မိုင်းတုံမြို့နယ် နားကောင်းမှူး အခြေစိုက် စစ်အစိုးရ စစ်တပ် ခလရ ၆၅ က တပ်သားတွေ မနက် ၇ နာရီခွဲလောက်မှာ တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့ကြပါတယ်။

Image caption စစ်ကြောင့် ဒုက္ခရောက်ကြသူ ပြည်သူများ

တိုက်ပွဲဖြစ်တဲ့နေရာက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းတောင်းမြို့နဲ့ ၇ မိုင် ကွာဝေးတဲ့ ရှမ်းပြည်အရှေ့ပိုင်း ပုန်ပါကျင်မြို့နယ်ခွဲ အရှေ့ဘက် ပေါင်လောင်ရွာနဲ့ လက်မုခွန် ရွာကြား ကားလမ်းပေါ်မှာ ဖြစ်ပါတယ်။

နာရီဝက်နီးပါးကြာတိုက်ခိုက်မှုမှာ စစ်အစိုးရ ဘက်က စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ ခဲ့သလို SSA တောင်ပိုင်းဘက် ကလည်း ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲက ရွာတွေနဲ့ ဝေးတာမို့ အရပ်သားတွေ ထိခိုက်သေကြေတာတော့ မရှိခဲ့ပါဘူး။

တိုက်ပွဲကြောင့် ဒဏ်ရာရတဲ့ စစ်အစိုးရ စစ်သား ၂ ယောက် ရွာထဲကဖြတ်ပြီး အထမ်းနဲ့ ခေါ်သွားတာ တွေ့ရတယ်လို့ လက်မုခွန်ရွာသားတစ်ယောက်ကတော့ ဘီဘီစီကို ပြောပါတယ်။

မိုင်းတုန် အခြေစိုက် ခလရ ၆ က ဂိတ်တွေချပြီး ထိုင်းနိုင်ငံထဲ ကူးတဲ့လူတွေ အခွန်ကောက် တာ ရှိတဲ့အကြောင်း အဲဒီအခွန်ကောက်တဲ့ အဖွဲ့တွေနဲ့ သူတို့ လှည့်ကင်းတွေ ကားလမ်းပေါ် မှာ တွေ့လို့ တိုက်ပွဲဖြစ်ပွါးခဲ့တာပါလို့ SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်း လောဝ်ဆိုင် ပြောပါတယ်။

ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ စစ်အစိုးရတပ်တွေနဲ့ SSA တောင်ပိုင်း တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာ ဒီတခါပါနဲ့ဆို ၁၀ ကြိမ်ထက်မနည်း ရှိခဲ့ပြီလို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဘီဘီစီကို ပြောသွားပါတယ်။