HIV ဝေဒနာသည်တွေ တောင်ဒဂုံမှာ ဆက်နေခွင့်ရ

  • 25 နိုဝင်ဘာ 2010

ရန်ကုန် တောင်ဒဂုံမြို့နယ်မှာ NLD လူမှု အထောက်အကူပြုအဖွဲ့က ကူညီ စောင့်ရှောက်ပေးထားတဲ့ HIV ရောဂါဝေဒနာရှင်တွေ ဂေဟာမှာ ဆက်နေခွင့် ရသွားခဲ့ပါပြီ။

Image caption ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝေဒနာသည် တွေ ကို သွားတွေ့ခဲ့

တာဝန်ခံ စောင့်ရှောက်ပေးနေသူ တစ်ဦးဖြစ်တဲ့ ကိုရာဇာက ဝေဒနာရှင်တွေ ဆက်လက်နေထိုင်နိုင်ဖို့ ဧည့်စာရင်း တိုင်ကြားတဲ့စာကို သက်ဆိုင်ရာက တပတ်စာ လူ ၈၀ နေထိုင်ခွင့် ပေးလိုက်ပြီး ကန့်သတ်ချက်တွေလည်း မရှိပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီ ဂေဟာကို ပြီးခဲ့တဲ့ အပတ်က ဒေါ်အောင်ဆန်းစုကြည် လာကြည့်သွားပြီးချိန်မှာ မြို့နယ် အာဏာပိုင်တွေက ဝေဒနာရှင်တွကို ဒီနေရာမှာ နိုဝင်ဘာလ ၂၅ ရက်နေ့အထိပဲ နေထိုင်ခွင့်ပေးမယ်လို့ ပြောထားခဲ့ပါတယ်။ ဧည့်စာရင်း သွားတိုင်တာကိုလဲ ထပ်ပြီး ခွင့်မပြုပဲ နေခဲ့ပါတယ်။

ဒါပေမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့ညမှာပဲ ဧည့်စာရင်း သွားတိုင်တော့ လက်ခံလိုက်တဲ့အကြောင်းနဲ့ ရပ်ကွက်အာဏာပိုင်တွေက ဖေါ်ဖေါ်ရွေရွေနဲ့ပဲ သူ့ကို တောင်းပန်စကား ပြောတဲ့အကြောင်း ကိုရာဇာက ပြောပါတယ်။

HIV ရောဂါသည်တွေကို ရပ်ကွက်ထဲမှာ အခုလို စုပြုံလက်ခံထားခြင်းအားဖြင့် ပတ်ဝန်းကျင်ကို ရောဂါကူးစက်နိုင်တယ်လို့ သက်ဆိုင်ရာက ပြောနေတာတွေကလည်း တကယ်တော့ မိမိတို့အနေနဲ့ ၈ နှစ်ကျော် ဒီလူမမာတွေကို ကူညီစောင့်ရှောက် ကုသပေးနေတဲ့အတွေ့အကြုံရ ဆေးရုံတင်ဖို့ လိုတဲ့သူဆိုရင် ဆေးရုံကိုပဲ တင်ပေးပို့ ပေးခဲ့တဲ့အကြောင်း လက်ရှိဝေဒနာရှင်တွေရဲ့ ရောဂါအခြေအနေက ပတ်ဝန်းကျင်ကို ဘယ်လိုမှ ကူးစက်နိုင်တဲ့အနေအထားမဟုတ်တဲ့အကြောင်းကို ကိုရာဇာက ပြောပါတယ်။

NLD လူမှုအထောက်အကူ အဖွဲ့တွေအနေနဲ့ HIV ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်တဲ့နေရာမှာ ဝေဒနာရှင်တွေ ပြန်လည်ကောင်းမွန်လာလို့ သူတို့ ဘဝ ပြန်လည်ထူထောင်ရေး လုပ်ချင်တယ်ဆိုရင် အလှူရှင်တွေနဲ့ ချိပ်ဆက်ပေးပြီး လုပ်ငန်းတွေ ထူထောင်ပေးခဲ့တာလည်း ရှိပါတယ်လို့ ကိုရာဇာက ဘီဘီစီကို ပြောပါတယ်။