ဒုတိယပင်လုံညီလာခံ ရှေ့တန်းမတင်သင့်

  • 25 နိုဝင်ဘာ 2010
ဒီမိုကရက်တစ်ပါတီမြန်မာပြည်မှ အဖွဲ့ဝင်များ
Image caption ဒီမိုကရက်တစ်ပါတီမြန်မာပြည်မှ အဖွဲ့ဝင်များ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရက်တစ်ပါတီ မြန်မာပြည် အဖွဲ့ဝင်တွေနဲ့ တွေ့တဲ့အခါမှာ ဒေါ်စုအသံလွှင့်သွားတဲ့ အချက်တွေကို အားလုံးလိုလို သဘောတူပေမဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ရေးကိစ္စကို တော့ ဦးစားမပေးသင့်ဘူးလို့ အကြံပြုခဲ့တယ်လို့ ပါတီဥက္ကဌ ဦးသုဝေက ဘီဘီစီကို ပြောသွားပါတယ်။

ဘာကြောင့်ဒီလို အကြံပြုရသလဲဆိုရင် ပင်လုံညီလာခံကိစ္စဟာ ခက်ခဲသိမ်မွေ့ပြီး ရှေ့တန်းမတင်သင့်တဲ့အကြောင်း အရင်သမိုင်းကြောင်းမှာ ညီလာခံဖြစ်ပေါ်လာပုံကနေ အဆင့်ဆင့် စစ်တပ်အာဏာသိမ်းတဲ့အထိရှင်းပြခဲ့ကြောင်း ဦးသုဝေကဆိုပါတယ်။ တကယ်လို့ ဒီကိစ္စကိုရှေ့တန်းတင်မယ်ဆိုရင် သဘောထားအမျိုးမျိုးဖြစ်ပေါ်လာပြီး ဒိပြင်လုပ်ငန်းတွေပါအလုပ်မဖြစ်နိုင်ဘူးလို့ အကြံပြုခဲ့ပါတယ်။

ဒေါ်စုကတော့ဒီကိစ္စဟာ အရေးကြီး လို့စောင့်လို့မရဘဲလုပ်ကိုလုပ်ရမယ်၊ ဦးသုဝေတို့အကြံပြုတာလည်းထည့်သွင်းစဉ်းစားမယ်လို့ ပြန်ပြောကြောင်းသိရပါတယ်။

ဒါ့အပြင် ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ဖဆပလ အဖွဲ့ကြီးကို လူထုထောက်ခံမှု အများကြီးရချိန်မျိုးမှာ အရေးကြီးတဲ့အလုပ်တွေဦးစားပေးလုပ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက ဦးကျော်ငြိမ်းကို ပြောခဲ့တဲ့ အကြောင်းကို ဥပမာပေးပြီး ဒေါ်စုအနေနဲ့ လူထုထောက်ခံမှု အများကြီးရှိနေတုံး အရေးကြီးတာတွေ အမြန်လုပ်ဖို့ ဦးသုဝေက ဆွေးနွေးခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်အနေနဲ့ ပူးပေါင်းလို့ရတဲ့ လုပ်ငန်းတွေကို ဘယ်သူနဲ့မဆို ပေါင်းလုပ်သွားမယ်၊ လောလောဆယ်တော့ လူမှုရေးကိစ္စတွေမှာ ပူပေါင်း ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကပြန်ပြောသွားပါတယ်။