အမျိုးသားဒီမိုကရေစီအင်အားစု နဲ့ ကုလသမဂ္ဂ

  • 26 နိုဝင်ဘာ 2010
khin_maung_swe
Image caption NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရဲ့ တာဝန်ခံ အရာရှိချုပ် ဗီဂျေ နမ်ဘီးယား ရဲ့ နိုဝင်္ဘာ ၂၇ ရက်ကစတင်မဲ့ မြန်မာနိုင်ငံ ဆီ နှစ်ရက်တာ ခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ စနေနေ့ နေ့လယ် သုံးနာရီ ကနေ လေးနာရီ အထိ တွေ့ဆုံဆွေးနွေးမယ် လို့ NLD ပါတီ က ပြောပါတယ်။

ဒီတွေ့ဆုံမှု ဟာဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး၊ ပဌမ ဆုံးအကြိမ် အဖြစ် အဆင့်မြင့် ကုလသမဂ္ဂ သံတမန် နဲ့ တွေ့မှာ ဖြစ်ပါတယ်။

မစ္စတာ နမ်ဘီးယား ဟာ အခြား နိုင်ငံရေး ပါတီတွေ နဲ့လဲ တွေ့ဆုံဖို့ ရှိပါတယ်။ အဆိုပါ ပါတီထဲမှာ NDF အမျိုးသားဒီမိုကရေစီ အင်အားစုလဲ ပါဝင်တဲ့ အတွက်၊ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ကို ဆက်သွယ်ရာမှာ ညနေပိုင်းမှာ နာရီဝက်ခန့် UNDP ကုလ ရုံးမှာ တွေ့မဲ့ အကြောင်း ဘီဘီစီ ကိုရှင်းပြပါတယ်။

NDF အနေနဲ့တော့ မစ္စတာ နမ်ဘီးယားဟာ ရွေးကောက်ပွဲလွန် ကာလ ကို လာရောက်လေ့လာပုံ ရကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး အပိုင်းကို ဆွေးနွေးမယ် ဆိုရင် ကြိုဆိုမဲ့ အကြောင်း၊ ဦးခင်မောင်ဆွေက ပြောပါတယ်။