တစညက ဘယ်အဖွဲ့အစည်းနဲ့မှ တွေ့ဖို့ အစီအစဉ် မရှိသေး

  • 26 နိုဝင်ဘာ 2010
Image caption ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ဖွံ့ရဲ့ မဲဆွယ်မှု

ရွေးကောက်ပွဲ အပြီး ရက်ပေါင်း ၉ဝ အတွင်း လွှတ်တော် ခေါ်ရမယ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖော်ပြထားတာကြောင့် နိုင်ငံရေး ပါတီတွေက လွှတ်တော်ခေါ်ဖို့ စောင့်ဆိုင်း နေကြပါတယ်။

ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၄ နေရာနဲ့ ဒုတိယ အများဆုံး အနိုင်ရခဲ့တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက နိုင်ငံရေး ပါတီ တွေနဲ့ မဆွေးနွေး ရသေးပေမယ့် သဘောထားတူတဲ့ ပါတီတွေနဲ့ လက်တွဲဖို့ ရှိတယ်လို့ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဟန်ရွှေက ဆိုပါတယ်။

ပါတီကြီးငယ်မဟူ ဘယ်ပါတီနဲ့ မဆို ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံတကာမှာ ရွေးကောက်ပွဲ ပြီးရင် အစိုးရဖွဲ့နိုင်ရေး လွှတ်တော်ခေါ်ယူနိုင်ရေး အတွက် အပေးအယူ လုပ်တာ ညှိနှိုင်းတာတွေ ရှိပေမယ့် မြန်မာနိုင်ငံ မှာတော့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ကဘဲ အစိုးရဖွဲ့မယ့် အနေအထား ဖြစ်နေတာကြောင့် အပေးအယူ လုပ်မယ့်သဘော မရှိဘူးလို့ ယူဆနေကြပါတယ်။

တချိန်တည်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းနဲ့ ပို့ဆောင်ရေး ဝန်ကြီး ဦးသိန်းဆွေ တို့က ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ဒေါက်တာ အေးမောင် ဦးဆောင်တဲ့ ပါတီကိုယ်စားလှယ် တွေနဲ့ အလွတ်သဘော လာတွေ့ခဲ့ ကြပါတယ်။

ပါတီရဲ့ အဓိက မူဝါဒ တရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ပြည်ထောင်စု ဖွံ့ဖြိုး တိုးတက်ရေးကို မူတည်ပြီး ဦးအောင်သောင်းက ဆွေးနွေးခဲ့တယ်လို့ ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြန်ပြောပြခဲ့ပါတယ်။

အစိုးရသစ် ဖွဲ့ရေး အတွက် ပါတီနှစ်ခု ပူးပေါင်းဖို့နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း နားလည်မှု ရှိစွာ ဆွေးနွေး ခဲ့ကြပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးမှာ ပူးပေါင်း ဆောင်ရွက်ဖို့ စကားပြောခဲ့ ကြတယ်လို့ သိရပါတယ်။

အခုလို တွေ့ဆုံ ဆွေးနွေးကြတာဟာ အစဉ်လာကောင်း တရပ်ဖြစ်ပြီး ဒီမိုကရေစီ အတွက် အလားအလာ ကောင်းတွေ ဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ဆိုသွားခဲ့ပါတယ်။