DKBA နဲ့ နအဖ စစ်တပ် တိုက်ပွဲဖြစ်

  • 27 နိုဝင်ဘာ 2010

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်မှာ လှုပ်ရှားနေတဲ့ DKBA တွေကို နှိမ်နင်းဖို့ သွားတဲ့ ခဲယမ်းမီးကျောက်နဲ့ ရိက္ခာတင်ကား၊ လမ်းဖေါက်တဲ့ ကားတွေနဲ့ လုံခြုံရေး အတွက် လိုက်ပါလာတဲ့ နအဖ စစ်တပ် ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်း ၂ ရင်းကို DKBA ဗိုလ်ကျော်သက် အဖွဲ့က ခြုံခိုတိုက်ခိုက်ရာက ဒီကနေ့ ညနေပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

Image caption DKBA စခန်းတခုကို အဝေးက တွေ့ရပုံ

တိုက်ပွဲဖြစ်တဲ့နေရာက မြဝတီမြို့ တောင်ဘက် ကီလိုမီတာ ၂၀ လောက် အကွာမှာ ရှိတဲ့ ဖလူးလေးရွာ အနားမှာ ဖြစ်ပါတယ်။ တချိန်ထဲမှာ နောက်က လိုက်ပါသွားတဲ့ နအဖရဲ့ အမြှောက်တပ် ကလည်း ၈၂ မမ မော်တာတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာ ညဦးပိုင်း အထိ ဖြစ်ပါတယ်။

မြဝတီနဲ့ သင်္ကန်းညီနောင်က နအဖ စစ်တပ်တွေကလည်း DKBA ဘက်ကို တိုက်ခိုက်ဖို့ ဦးတည် သွားနေသလို ဗိုလ်နှုတ်ခမ်းမွေး လှုပ်ရှားနေတဲ့ မြဝတီမြို့ တောင်ဘက် ကီလိုမီတာ ၅၀ လောက် အကွာက တောင်နီရွာ ဘက်ကိုလည်း နအဖတပ်တွေ ညှပ်ပြီး တက်လာတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ် လာလိမ့် ဦးမယ်လို့ ယူဆရပါတယ်။

ဒီကနေ့ဖြစ်တဲ့ တိုက်ပွဲမှာ နှစ်ဘက် အထိအခိုက် သတင်း အတိအကျ ကိုတော့ မသိရ သေးပါဘူး။ ဒါပေမယ့် တိုက်ပွဲကြောင့် ဒေသခံ မြန်မာနိုင်ငံသား ၁၀၀ ကျော်ဟာ ထိုင်းဘက်ကမ်း မဲ့ကုတ်ကင်းရွာကို ထွက်ပြေး ရောက်ရှိ လာတယ်လို့ မဲဆောက်မြို့ပိုင်က ပြောပါတယ်။

တကယ်လို့ တိုက်ပွဲတွေ ဆက်ဖြစ်လာရင် လက်နက်ကိုင်တွေ ထိုင်းနိုင်ငံထဲ ဝင်ပြေးလာလို့ မရအောင် ထိုင်းနယ်စပ် တလျှောက်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ထိုင်းစစ်ဖက်က ပြောပါတယ်။