ချက်ပါလီမန် မြန်မာ့အရေး ဆုံးဖြတ်ချက်ချ

  • 30 နိုဝင်ဘာ 2010
dassk meets political prisoners' families
Image caption ဒေါ်စုလွတ်လာပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ အများကြီး ရှိနေသေး

ဥရောပ သမဂ္ဂ အဖွဲ့ ဝင် ချက် သမ္မတနိုင်ငံပါလီမန် ရဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မီတီက ဒီအပတ်ထဲမှာပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်ပါတယ်၊ အဓိက ကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်လဲ ပြန် လွတ်လာခဲ့ပြီ ဆိုတော့ ချက်နိုင်ငံရဲ့ မူဝါဒတွေ ကို သုံးသပ်ခဲ့တာပါ၊ အဲဒီ ဆုံးဖြတ်ချက်မှာ အဓိက ၃ ချက် ပါဝင်ပါတယ်လို့ ချက်နိုင်ငံက မြန်မာ့အရေး လုပ်ဆောင်နေတဲ့ People in Need အဖွဲ့က ကရစ္စတီနာ ပရူနာရိုဗာက ဘီဘီစီကို ပြောပြပါတယ်။

ပထမတခုက ရွေးကောက်ပွဲနဲ့ ပတ်သက်ပါတယ်၊ မြန်မာ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာစံနှုန်းနဲ့ မညီဘူး၊ ဒါကြောင့် ရွေးကောက်ပွဲ ရလာဒ်ဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်၊

နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကျန်သေးတာမို့ ဖိအားအရှိန် မလျှော့ဖို့လိုတယ်လို့ ဆိုပါတယ်၊

နောက်ဆုံးတစ်ချက်ကတော့ မြန်မာနိုင်ငံမှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာအောင် ချက် နိုင်ငံက ဆက်ပြီး တွန်းအားပေး လုပ်သွားမယ်ဆိုတာပါ လို့ ပြောပြသွားပါတယ်။

သူတို့အဖွဲ့အနေနဲ့တော့ အခုအချိန်ဟာ ဖိအားတွေ လျှော့ရမယ့် အချိန်မဟုတ်ပဲ ပိုတိုးလုပ်ရမယ့် အချိန်လို့ ယူဆတဲ့ အကြောင်း၊ အဲဒီအတိုင်းပဲ ချက်အစိုးရနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းနေတဲ့ အကြောင်းလဲ ပြောပါတယ်၊

ရွေးကောက်ပွဲ မလုပ်ခင်ကတော့ စောင့်ကြည့်ပါဦးလို့ ပြောတဲ့ နိုင်ငံတွေ ရှိပါတယ်၊ ခုတော့ ဒီရွေးကောက်ပွဲတွေဟာ ဘယ်လိုဆိုတာ အားလုံးက ရှင်းပါပြီ လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာ ဝမ်းသာကြိုဆိုစရာ ဖြစ်ပေမယ့်၊ မြန်မာ့အရေးမှာ တခြားအရေးကြီးတဲ့ ကိစ္စတွေရှိနေသေးတာမို့ မျက်စေ့လည်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာ တစ်ခုထဲ အာရုံစိုက်မိမနေကြဖို့ တိုက်တွန်းနေရတာပါလို့ ချက်သမ္မတနိုင်ငံ People in Need အဖွဲ့က မြန်မာ့အရေး လှုပ်ရှားသူ ကရစ္စတီနာ ပရူနာရိုဗာက ပြောပြသွားပါတယ်။