ဒေါ်စုနဲ့ ကုလ ကိုယ်စားလှယ် နမ်ဘီယာတွေ့

  • 28 နိုဝင်ဘာ 2010
daw suu
Image caption နမ်ဘီယာနဲ့ ဒေါ်စုတို့ တက္ကသိုလ် ရိပ်သာလမ်းမှာ စနေနေ့က တွေ့ဆုံခဲ့

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မVijay Nambiar ဟာ ၂ ရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံ ကို စနေနေ့က ရောက်ရှိ လာခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် နဲ့ရော၊ NLD ပါတီ အပါအဝင် နိုင်ငံရေး ပါတီတွေ နဲ့ပါ တနာရီခွဲ ကျော်ကျော် တွေ့ဆုံ ခဲ့ပါတယ်။

ဘာတွေ ဆွေးနွေးခဲ့ကြတာဆိုကိုတော့ တရားဝင် ထုတ်ဖေါ် ပြောဆိုခြင်းမရှိကြပါဘူး။

တခါ တွေ့ဆုံဆွေးနွေးရုံနဲ့ မလုံလောက်ဘူးလို့ ထင်တဲ့အကြောင်း၊ ကုလသမဂ္ဂက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကိုင်တွယ် ဆောင်ရွက်နေတဲ့ ပြသနာအားလုံးကို ဖြေရှင်းဖို့ ဆိုရင် နောက်ထပ် အကြိမ်များစွာ တွေ့ဆုံဖို့ လိုမယ်လို့ ထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မစ္စတာ နမ်ဘီယားနဲ့ အဖွဲ့ဝင် လေးဦးဟာ မနေ့ကညနေ ၂ နာရီမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်ကို ရောက်ရှိလာခဲ့ပြီး ပထမဦးစွာ မစ္စတာ နမ်ဘီယား၊ UNDP ဌာနေ ကိုယ်စားလှယ်၊ ဒေါ်အောင်ဆန်းစုကြည် ၊ အန်အယ်ဒီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းတို့ နာရီဝက်ခန့် ဆွေးနွေးခဲ့ ကြပါတယ် ။

NLD ရဲ့ ရပ်တည်မှုနဲ့ ရှေ့မျှော်မှန်းချက်တွေ အကြောင်း ကိုလည်း ဒေါ်အောင်ဆန်း စုကြည်ကို မစ္စတာ နမ်ဘီယားက မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်မှာ မစ္စတာ နမ်ဘီယားနဲ့ အဖွဲ့ဟာ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ CRPP အဖွဲ့ဝင် တွေနဲ့ တွေ့ခဲ့ပါတယ်။

မစ္စတာ နမ်ဘီယာဟာ ၂၀၀၂ ဂျွန်လက မြန်မာနိုင်ငံကို နောက်ဆုံးလာရောက်ခဲ့တဲ့ မစ္စတာ အီဗရာဟင် ဂမ်ဘာရီ ရဲ့ နေရာကို ဆက်ခံခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက် နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် ၄နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ မစ္စတာ ဂမ်ဘာရီဟာ မြန်မာ့အရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင် ခဲ့တာမျိုး မတွေ့ရဘူးလို့ အများက ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

စောစောပိုင်းကတော့ မစ္စတာ နမ်ဘီယားဟာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံခဲ့ပေမဲ့ အစိုးရ ထိပ်တန်း ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဖို့တော့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

သူဟာ နောက်ပိုင်းမှာလဲ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာနမ်ဘီယားဟာ မြန်မာနိုင်ငံကနေ တနင်္လာနေ့မှာ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။