DKBA နဲ့ နအဖ တပ်တွေ တိုက်ပွဲဆက်ဖြစ်

  • 28 နိုဝင်ဘာ 2010

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဖက် ၁၀ မိုင်လောက်အကွာမှာရှိတဲ့ ဖလူးလေးရွာအနားမှာ DKBA ကို တိုက်ဖို့သွားတဲ့ နအဖ စစ်ကြောင်းကို DKBA ဗိုလ်ကျော်သက်အဖွဲ့ က စနေနေ့ ညနေက ခြုံခိုတိုက်ခိုက်ခဲ့ရာက စပြီးဖြစ်ခဲ့တဲ့တိုက်ပွဲဟာ တညလုံးနဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ ဆက်လက် တိုက်ခိုက်ခဲ့ကြပါတယ်။

Image caption တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ထိုင်းဖက်ပြေးလာ

မူလက တပ်ရင်း ၂ ရင်းရှိတဲ့ နအဖ စစ်ကြောင်းဆီကို လက်နက်ကြီး တပ်ရင်းတစ်ရင်း စစ်ကူရောက်လာပြီး ဒီကနေ့ မနက်မှာတော့ နအဖဖက်က နောက်ထပ်တပ်ရင်း ၂ရင်းနဲ့ DKBA ကနေ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသွားတဲ့ တပ်ရင်း ၁ ရင်းပါ ပူးပေါင်းတိုက်ခိုက်ပါတယ်။

DKBA တွေဟာ မင်းလက်ပံ၊ ဖလူးကြီးနဲ့ ဖလူးလေး ရွာတွေကနေ ဆုတ်ခွာသွားကြပြီး အဲဒီနေရာနဲ့ မလှမ်းမကမ်း တောအုပ်ထဲက တဆင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ရွာ ၃ ရွာက ရွာသား ရ၀၀ ကျော်ဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးရောက်ရှိလာလို့ မဲဆောက်မြို့ပိုင်ကဦးစီးပြီး မဲ့ကုတ်ကင်းရွာ ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့် အကူအညီပေးနေရပါတယ်။

ဒီနှစ် ပွင့်လင်းရာသီအတွင်းမှာ ထိုင်းနိုင်ငံနဲ့ကပ်လျက် နယ်ခြားတလျှောက်မှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နအဖ အစိုးရက စစ်ဆင်ရေးတွေ လုပ်လာလိမ့်မယ်လို့ ထိုင်းအာဏာပိုင်တွေက တွက်ဆထားတဲ့အတွက် ထွက်ပြေးလာနိုင်ဖွယ်ရှိတဲ့ ဒုက္ခသည်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ် နေကြပါတယ်။