အားလုံးပါဝင်နိုင်ဖို့ နမ်ဘီယာ ပန်ကြား

  • 28 နိုဝင်ဘာ 2010

မြန်မာနိုင်ငံမှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မပါခဲ့သူတွေရော၊ မပါနိုင်ခဲ့ သူတွေပါ အားလုံး ပါဝင်တဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေး အပြောင်းအလဲတခု ဖြစ်လာအောင် ဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် Vijay Nambiar က ပန်ကြားလိုက်ပါတယ်။

Image caption နိုင်ငံရေးမှာ အားလုံးပါဝင်ခွင့်ရဖို့ လိုတယ်လို့ မစ္စတာ နမ်ဘီယာက ပြော

၂ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စတာ နမ်ဘီယာ က အခုလို ပန်ကြားလိုက်တာပါ။

မစ္စတာနမ်ဘီယာက သူ့ခရီးစဉ်မှာ အဓိက လုပ်ငန်းစဉ် သုံးရပ်ကို လုပ်ဖို့ လာခဲ့တာလို့ ဆိုပါတယ်။

ပထမတစ်ခုက ပါတီတွေ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် ပေါင်းစုံဆီက နိုင်ငံရေး အပြောင်းအလဲ နဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ၊ စိတ်ပူချက်တွေကို နားထောင်ဖို့လို့ဆိုပါတယ်။ သူကြားခဲ့ရသမျှတော့ ရွေးကောက်ပွဲ ကျင်းပခဲ့ပုံနဲ့ ပတ်သက်ပြီး အများစုက စိုးရိမ်ကြောင်းပြောခဲ့ကြတယ်၊ ဒီအချက်တွေကိုလဲ ရွေးကောက်ပွဲ ကော်မရှင်ကို သူ့အနေနဲ့ အသိပေးခဲ့ပြီး ဒါတွေကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်လို့ မစ္စတာ နမ်ဘီယာက ပြောပါတယ်။

ဒုတိယ အချက်ကတော့ အတိုက်အခံအဖွဲ့တွေနဲ့ အစိုးရအကြား အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တိုက်တွန်းအားပေးဖို့လို့ ဆိုပါတယ်။ အဲဒီလို လုပ်နိုင်ဖို့လည်း နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်မှာ ရွေးကောက်ပွဲဝင်ခဲ့သူတွေရော၊ မဝင်ခဲ့သူတွေ ဝင်ခွင့်မရခဲ့သူတွေပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ရဖို့လိုတယ်လို့ သူ့အနေနဲ့ မြင်တဲ့အကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးဖို့ လိုတယ်လို့ သူကဆိုသွားပါတယ်။

နောက်ဆုံးအချက်ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အရပ်သား အစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် ကုလသမဂ္ဂက ရေရှည်မှာ ပါဝင်လုပ်ဆောင်သွားဖို့ ဆန္ဒရှိတဲ့ အကြောင်း ပြသဖို့ပါပဲလို့ မစ္စတာနမ်ဘီယာက သူ့ရဲ့ ကြေငြာချက်ကို တနင်္ဂနွေနေ့ ညနေမှာ မြန်မာနိုင်ငံက ပြန်မထွက်ခွာခင် လေဆိပ်မှာ သတင်းထောက်တွေကို ဖတ်ပြသွားခဲ့ပါတယ်။

သူ့ခရီးစဉ်အတွင်းမှာ မစ္စတာ နမ်ဘီယားဟာ စစ်အစိုးရ အဖွဲ့ဝင်တွေနဲ့ရော ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး ပါတီတွေနဲ့ပါ တွေ့ဆုံခဲ့သလို ရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးဝင်းတင်ကတော့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တစ်ယောက်ဟာ တိတိကျကျ သတ်မှတ်ပေးထားတဲ့ တာဝန်နဲ့ ရလာဒ် အဖြေတစ်ခုထွက်အောင် လာရောက် လုပ်ဆောင်ပေးသူမျိုး ဖြစ်သင့်တယ်၊ ဟိုလူ ဒီလူ စကားကို လာနားထောင်ရုံလောက် မဖြစ်သင့်ဘူးလို့ ဘီဘီစီကို ပြောခဲ့ပါတယ်။