နိုင်ငံရေး အကျဉ်းသား မိသားစုနဲ့ ဒေါ်စုတွေ့

  • 29 နိုဝင်ဘာ 2010
နိုင်ငံရေးအကျဉ်းသားမိသားစုနဲ့ ဒေါ်စုတွေ့စဉ်
Image caption နိုင်ငံရေးအကျဉ်းသားမိသားစုနဲ့ ဒေါ်စုတွေ့စဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေး အကျဉ်းသားမိသားစုတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒီလို တွေ့ခွင့်ရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့အခွင့်အရေး ပိုမိုရရှိအောင် သူအနေနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ ပြောကြား သွားပါတယ်။

ဒီကနေ့မနက်မှာ နိုင်ငံရေးအကျဉ်းသား ဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ရဲ့မိခင် ဒေါ်မိမိလေး ကွယ်လွန်ခြင်း ၃ နှစ်ပြည့်ဆွမ်းသွတ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား မိသားစု၀င်တွေ တွေ့ဆုံခဲ့တာပါ။ ဒီဆွမ်းသွတ်ပွဲကို ဗဟန်းမြို့နယ် သံလွင်လမ်း မှာရှိတဲ့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား မိသားစု၀င် ၇၀နီးပါး တက်ရောက်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစု၀င်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ၀မ်းမြောက်၀မ်းသာ ဖြစ်နေကြပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း သူတတ်နိုင်သလောက် အစွမ်းကုန်ကူညီသွားမယ်လို့ ပြောခဲ့တယ်လို့ ကိုဌေးကြွယ်ရဲ့ ယောက်ဖတော်စပ်သူ ကိုဖြိုးမင်းသိန်းက ဘီဘီစီကို ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ဘယ်လောက်ထိ လုပ်နိုင်မယ်ဆိုတာ မသိနိုင်သေးပေမယ့် အခုလိုအားပေး စကားပြောတဲ့အတွက် နိုင်ငံရေးအကျဉ်းသား မိသားစုတွေဟာ စိတ်ခွန်အားဖြစ်စေတယ်လို့ ပြောပါတယ်။ အရင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျဉ်းသား တွေဆီကို စားစရာသောက်စရာတွေ ပို့ပေးတဲ့အတွက် အကျဉ်းချခံ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ အားတက်ခဲ့ရတယ်လို့ ထောင်က လွတ်လာသူတွေအပြောအရသိရပါတယ်။