မစ္စတာ နမ်ဘီယားနဲ့ ပါတီတွေ ဆွေးနွေး

  • 29 နိုဝင်ဘာ 2010
Image caption မစ္စတာနမ်ဘီယားရဲ့ အကြံပြုချက်တွေဟာ လက်တွေ့ မကျဘူးလို့ တစညပါတီပြော

မကြာခင်က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်းဘီယားဟာ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံနေရာမှာ ဒီကနေ့မှာ တိုင်ရင်းသား စည်းလုံး ညီညွတ်ရေးပါတီ တစညက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မစ္စတာ နမ်ဘီယားက ရွေးကောက်ပွဲ မဝင်တဲ့ သူတွေ၊ ရွေးကောက်ပွဲဝင်တဲ့သူတွေနဲ့ လက်ရှိ အစိုးရ တာဝန်ရှိသူတွေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေး သင့်တယ်လို့ အကြံပြုပြောကြားချက်ကို တစညပါတီရဲ့ ပြောခွင့်ရှိသူ ဒါဟာ သဘာဝကျတဲ့ အကြံပြုချက်မဟုတ်ဘူးလို့ ယူဆပါတယ်။

တစညအနေနဲ့က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင် သွားဖို့ ရှိနေကြောင့် လွှတ်တော်ပေါ်ပေါက်လာတဲ့ နောက်ပိုင်းအထိ စောင့်ကြည့်ဖို့ လိုမယ်လို့ သူထင်ကြောင်း ဦးဟန်ရွှေကပြောပါတယ်။

ဒါပေမယ့် မစ္စတာ နမ်ဘီယားနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ NDF အမျိုးသားဒီမိုကရေစီအင်အားစု ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ ရွေးကောက်ပွဲကလည်း ပြီးသွားပြီ၊ လိုချင်တဲ့အတိုင်းအတာကလည်း လွှတ်တော်ထဲမှာ ရောက်သွားပြီမို့ ရွေးကောက်ပွဲကို အခုအချိန်ကျကာမှ ဝင်ရောက်စွက်ဖက်နိုင်တဲ့ အနေ အထားမရှိတော့ဘူးလို့ ဆိုပါတယ်။

တကယ်တော့ ကုလသမဂ္ဂအနေနဲ့ ရွေးကောက်ပွဲပြီးမှ အခုလို လာရောက်စုံစမ်းမေးမြန်းတဲ့ အလုပ်ဟာ အချိန်နှောင်းသွားပြီလို့ ပြောနိုင်ကြောင်းကိုလည်း ဦးခင်မောင်ဆွေက ပြောပါတယ်။

မစ္စတာ နမ်းဘီးယားနဲ့ နောက်ထပ် တွေ့ဆုံခဲ့တဲ့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်ကလည်း လက်ရှိနိုင်ငံရေး အခင်းအကျင်းကို သုံးသပ်ပြီးပြောရမယ် ဆိုရင် မစ္စတာနမ်ဘီးယားပြောတဲ့ သုံးဦးသုံးဘက် တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အချက်ဟာ လုပ်နိုင်မယ့် အလားအလာရှိတယ်လို့ သူ မမြင်တဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

မစ္စတာ နမ်းဘီးယားနဲ တွေ့ဆုံခဲ့တဲ့ နောက်ထပ်နိုင်ငံရေးပါတီတခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကတော့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေ ကြုံတွေ့ခဲ့ရတဲ့ အချက်တွေနဲ့ မဲကိစ္စ ပြဿနာတွေအပေါ်အခြေခံထားတဲ့ ပြည်သူသို့ အစီစဉ်ခံစာဆိုပြီး သူတို့ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကို မစ္စတာနမ်းဘီးယားကို ပေးအပ်လိုက်တဲ့အကြောင်း ပါတီအတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ဘီဘီစီကို ပြောပါတယ်။

မစ္စတာနမ်ဘီယားဟာ သူလေ့လေတွေ့ရှိချက်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ပြည်လည်တင်ပြ ဆွေးနွေးမှာ ဖြစ်ပါတယ်။

တခါ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ဖွဲ့ထားတဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အထူးအစည်းအ​ဝေး ပြုလုပ်နိုင်ခဲ့ရင် မစ္စတာ နမ်ဘီယားရဲ့ လေ့လာတွေ့ရှိချက် တွေဟာ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု တစုံတရာ ရှိလာနိုင်တယ်လို့ ယူဆရ ပါတယ်။