နယ်စပ်တိုက်ပွဲ ငြိမ်းချမ်းရေးအဖွဲ့ ပါလာ

  • 30 နိုဝင်ဘာ 2010
Refugee
Image caption တိုက်ပွဲတွေကြောင့် ထွက်ပြေးရသူ စစ်ပြေး ဒုက္ခသည်များ

ကရင် လက်နက်ကိုင် တပ်ဖွဲ့ DKBA နဲ့ အစိုးရ စစ်တပ် ရက်ဆက် တိုက်ခိုက်နေရာ မှာ အခုဆို ဗိုလ်ချုပ် ထိန်မောင် ရဲ့ KNU KNLA ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ ပါ DKBA ဘက် က ဝင်ရောက် တိုက်ခိုက် နေပါတယ်။

မြဝတီမြို့ တောင်ဘက် ၁၀ မိုင်အကွာ ရသေ့ဂူ၊ ဖလူးလေး အပါအဝင် သုံး နေရာမှာ တိုက်ပွဲ တွေ ဖြစ်ပွားခဲ့တာမှာ ကရင် တပ်ဖွဲ့ တွေဖက် က တစ်ဦးသေပြီး၊ ၈ ဦးကို အစိုးရ စစ်တပ် က ဖမ်းမိ သွားပါတယ်။

DKBA တပ်ဖွဲ့ တွေ တောင်ဘက်ကို ဆုတ်ခွာတော့ စစ်အစိုးရ စစ်တပ်က တပ်ရင်း ၅ ရင်းနဲ့ လိုက်ဖိ တိုက်ခိုက် နေတယ်လို့ သိရ ပါတယ်။

အခြား တဖက် မှာလည်း ဗိုလ်ချုပ် ထိန်မောင် ဦးစီးတဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့ နဲ့ပါ တိုက်ပွဲ ဖြစ်ခဲ့ပြီး အခုလို သေကြေ ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။

နအဖ စစ်တပ်နဲ့ ကရင် ငြိမ်းချမ်းရေး ကောင်စီ က ဗိုလ်သဲခီးတပ် နဲ့ လက်နက်ကြီးတွေပါ သုံးပြီး ပစ်ခတ်ကြတာမို့ ထွက်ပြေး လာရ တာလို့ ထိုင်းဘက် ထွက်ပြေး လာတဲ့ ဒေသခံ တဦးက ဘီဘီစီ ကို ပြောပါတယ်။

ဒီကနေ့ ထွက်ပြေး လာတဲ့ ဒုက္ခသည် က ၃၅၀ ကျော် ရှိပြီး၊ တိုက်ပွဲတွေ က နေ့တိုင်း နီးပါးလို ဖြစ်ပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်နေရတာ ဟာ နအဖ စစ်တပ်က နိုင်ငံရေးလုပ်မယ်ဆိုရင် ပါတီ နိုင်ငံရေးနဲ့ သွားရမယ်၊ နယ်ခြားစောင့်တပ်မှာ အသက် ၅၀ အထက် တိုင်းရင်းသား လက်နက်ကိုင်တွေ က ရာထူးကနေ ဖယ်ရှားပေးရမယ်၊ ဒါကို လက်မခံလို့ အခုလို တိုက်ခိုက် နေကြတာ လို့လည်း သုံးသပ် ကြပါတယ်။

ပြည်တွင်း နိုင်ငံရေးလုပ်ရင် ပညာရေး အပါအဝင် အရည်အချင်း ရှိမှ လူထုက ထောက်ခံမယ်၊ ဒါကိုလည်း သူတို့ တွက်ကြတယ်။

နောက်တခါ လက်နက်ကိုင် တော်လှန်ရေးလုပ်ရင်း ရှာဖွေ ထားတာတွေလည်း မကာကွယ်ထားနိုင်ရင် ဆက်ပြီး နစ်နာနိုင်မယ်လို့လည်း ယူဆနေကြ တယ်လို့ ဘီဘီစီ သတင်းထောက် ဦးအောင်ကျော်ဦး က သုံးသပ် ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေ အတွက် ပြဿနာတခုက အိမ်နီးချင်း ထိုင်းနိုင်ငံက ကြားခံ အဖြစ် နယ်မြေ သုံးခွင့် ပေးထားသလို ရှိပေမယ့် အခုအဲဒီလို မပေး တာရယ်၊ နိုင်ငံတကာက ထောက်ခံမှု မပေးတော့ တာရယ် ကြောင့် အခုလို တိုက်ပွဲတွေ တိုက်တာမျိုး မဟုတ်ပေမယ့် တခြား ရွေးစရာကလည်း မရှိတာမို့ ဒီလို တိုက်ခိုက် ရတာလို့ ဦးအောင်ကျော်ဦး က သုံးသပ်ပါတယ်။

အခု တိုက်ခိုက် နေသူတွေ လူကြီးတွေ အသက်ကြီး သွားလို့ နောက်လူတွေက လက်နက်ကိုင် တော်လှန်ရေး ဆက်မလုပ် တော့ဘူးဆိုရင် တော်လှန်ရေးဟာ တဖြည်းဖြည်း ပျောက်သွား နိုင်တယ်လို့ သူ က သုံးသပ်ပါတယ်။