ပါကစ္စတန်တည်ငြိမ်ရေး အမေရိကန်စိုးရိမ်

  • 1 ဒီဇင်ဘာ 2010
Image caption နျူးကလီးယားတွေ အကြမ်းဖက်သူတွေ လက်ထဲ ရောက်မှာကို အမေရိကန်စိုးရိမ်

အမေရိကန်ဟာ ပါကစ္စတန်နိုင်ငံ တည်ငြိမ် ရေး အပေါ် အထူး စိုးရိမ်မှု ရှိနေတယ်လို့ ဝီကီလိခ် ဝက်ဘ်ဆိုက်ကနေ နောက်ဆုံး ဖွင့်ချလိုက်တဲ့ အမေရိကန် သံတမန် မှတ်တမ်းတွေထဲမှာ ဖေါ်ပြထားပါတယ်။

အထူးသဖြင့် နျူးကလီးယားလက်နက်တွေ အကြမ်းဖက်သမားတွေ လက်ထဲရောက်သွားမှာ ကို ဖြစ်ပါတယ်။ အခုပေါက်ကြားလာတဲ့ သံတမန်ရေးမှတ်တမ်းတွေဟာ အမေရိကန်က အကြမ်းဖက်မှုစစ်ပွဲမှာ ပါကစ္စတန်ကို သူ့တို့ရဲ့ မဟာမိတ်အဖြစ် ဆက်လက် ဆက်ဆံနေ ပေမယ့် တချိန်တည်းမှာပဲ ပါကစ္စတန် အစိုးရ အပေါ်မှာလည်း ယုံကြည်မှုက နည်းနေပါတယ်။

ပါကစ္စတန်အတွက် အကူအညီငွေတွေ ဒေါ်လာ သန်းထောင်နဲ့ချီပြီး ပေးခဲ့ပေမယ့် အဲလ်ခါရီးဒါးနဲ့ တာလီဘန်တွေ ပါကစ္စတန် နယ်မြေပေါ်ကနေ လုံးဝ ပျောက်သွားအောင်လို့ လုပ်တဲ့နေရာမှာတော့ ငွေပေးနေတာလည်း အလုပ်မဖြစ်ဘူးလို့ အမေရိကန်သံအမတ်က နိုင်ငံခြားရေးဌာနကို ပြန်ပို့တဲ့ စာထဲမှာ ရေးထားတာကို တွေ့ရပါတယ်။

ဒါဟာလည်း အမေရိကန်တွေဘက်က သုံးသပ်ချက်တွေအရတော့ ပါကစ္စတန်ရဲ့ ဒေသတွေင်း အကျိုးစီးပွား သူ့နိုင်ငံကာကွယ်ရေးနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ဟာ အိန္ဒိယနဲ့ စစ်ဖြစ်ခဲ့တယ်။ အခုထိလည်း စစ်ရေးတင်းမာမှုတွေ ရှိနေတယ်။ ဒီတော့ ပါကစ္စတန်နိုင်ငံတွင်းမှာရှိတဲ့ စစ်သွေးကြွအုပ်စုတွေဟာ အိန္ဒိယကို ဆန့်ကျင်နိုင်မယ့် အုပ်စုတွေအဖြစ်နဲ့ ပါကစ္စတန်ထောက်လှမ်းရေး တွေက မနှိမ်နှင်းဘဲ လွှတ်ထားတာလို့ သုံးသပ်ထားပါတယ်။

အဲဒီအုပ်စုတွေက အာဖဂန်မှာရှိတဲ့ တာလီဘန်နဲ့ အဲလ်ခါရီးဒါးအဖွဲ့တွေနဲ့လည်း ဆက်နွယ်နိုင် မှု ရှိနိုင်တယ်လို့ သုံသပ်ချက်တွေလည်း ရှိပါတယ်။ ပါကစ္စတန်နဲ့ နျူကလီးယားပစ္စည်းတွေ ဒီစစ်သွေးကြွအုပ်စု လက်ထဲရောက်သွားရင် ပြဿနာတွေက အများကြီးရှိနိုင်ပါတယ်။

ဒါကြောင့်ပဲ ဒီနျူကလီးယားအရေးကို အမေရိကန်သာမက ဗြိတိန် ရုရှားတို့ကလည်း စိုးရိမ် နေကြတာလို့ သံရုံးကနေ ပြန်ပို့တဲ့ ကြေးနန်းစာထဲမှာ ပါပါတယ်။

ဒါကြောင့် အမေရိကန်တွေက ပါကစ္စတန်ရဲ့ နျူကလီးယား အဆောက်အအုံကို ဝင်ပြီး ရပ်ဆိုင်း ပစ်မှာကို ပါကစ္စတန်က စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ဆိုထားပါတယ်။

ဗြိတိန်နိုင်ငံ ဆိုင်ရာ ပါကစ္စတန်သံမှူးကြီး ဝါဂျစ်ဟာဆန်ကတော့ သူ့နိုင်ငံဟာ အချုပ်အချာ အာဏာပိုင်ဖြစ်တယ်။ သူ့နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်မှာလည်း တိကျတဲ့ ထိန်းချုပ်မှု အစီအစဉ်တွေရှိတယ်။ အမေရိကန်တွေက နည်းပညာ ရောင်းချပေးခဲ့တာ ဖြစ်ပေမယ့် အခုတော့ ပါကစ္စတန်အပိုင်ဖြစ်သွားပြီဖြစ်တဲ့အတွက် အမေရိကန်က ဘာမှဝင်စွက်ဖက်စရာ မရှိတော့ဘူးလို့ ပြောပါတယ်။

ဒီတော့ ပါကစ္စတန်နဲ့ ဆက်ဆံရေးမှာ အမေရိကန်ဘက်က စိုးရိမ်မှုတွေ ရှိတယ်၊ ယုံကြည်မှု အားနည်းတယ်ဆိုတာကတော့ အများကသိပြီးသားပါ။

အခုတော့ အမေရိကန်သံအမတ်ကတိတိကျကျ ရေးထားတာထွက်လာတော့ နှစ်ဖက် မျက်နှာ ပျက်စရာ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ပါကစ္စတန်အစိုးရပေါ် အမေရိကန်ရဲ့ ဆက်ဆံရေး ပြန်ပြီးသုံးသပ်ဖို့ ပြည်တွင်းမှာ နိုင်ငံရေးဖိအားပေးမှုတွေ တိုးလာနိုင်မယ်လို့ သုံးသပ်သူ တွေက ဆိုပါတယ်။