ဒေါ်စုဟာ အမျိုးသားခေါင်းဆောင်

  • 2 ဒီဇင်ဘာ 2010

မနေ့က ကျင်းပခဲ့တဲ အမျိုးသား အောင်ပွဲနေ့မှာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံထားရတဲ့ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ခေါင်းဆောင်လို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး တဖက်မှာလည်း အမျိုးသား ရင်ကြားစေ့ရေးကို လုပ်ဆောင်ဖို့ သက်ဆိုင်သူတွေကို အနူးအညွတ် တောင်းပန် ခဲ့ပါတယ်။

Image caption အမျိုးသားခေါင်းဆောင်လို့ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ရဲ့ ခေါ်ဆိုခြင်းခံရသူ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ အပေါ်မှာ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ ဝ တိုင်းရင်းသားအကုန်က ကြိုဆိုထောက်ခံခဲ့ ကြတယ်၊ အမေစုလို့ ဟစ်ကြွေး ခဲ့ကြတယ်လို့ သူက ထောက်ပြပါတယ်။

တခါ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား မတူတဲ့ အကြောင်းကိုလည်း အမျိုးသားရင်ကြားစေ့ရေး နဲ့စပ်ပြီး ကဗျာဆရာကြီးက ဘီဘီစီရဲ့ဆက်သွယ် မေးမြန်းမှုမှာ ပြောကြား ခဲ့ပါတယ်။

မြောက်ကိုရီးယားမှာ ရှစ်လေးလုံး အရေးအခင်း မရှိခဲ့ဘူး၊ နိုဗယ်လ်ဆုရှင် မရှိဘူး၊ NLD ပါတီ မရှိဘူး၊ နယ်ခြားစောင့်တပ် BGF ကို သပိတ်မှောက်တဲ့ လက်နက်ကိုင် ငြိမ်းချမ်းရေး သမားတွေ မရှိဘူးလို့ ကဗျာဆရာကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေဟာ စီးပွားရေး အကြပ်အတည်း မဟုတ်ဘဲ နိုင်ငံရေး အကြပ်အတည်း ဖြစ်တာကြောင့် လုပ်ချင်ချင် မလုပ်ချင်ချင် အမျိုးသား ရင်ကြားစေ့ရေးကို လုပ်ရမယ်၊ လုပ်ဖို့လည်း သူအနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်လို့ ပြောပါတယ်။

``ကျွန်တော်တို့ သေနတ်သံတွေ တိတ်အောင် လုပ်ကြရအောင်ပါ၊ စားပွဲခုံမှာ ထိုင်ပြီး စကားပြောကြရအောင်ပါ`` လို့ စစ်အစိုးရက ထုတ်ဖော် ရေးသားခွင့် ပိတ်ပင်ခြင်း ခံထားရတဲ့ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က တိုက်တွန်း ပြောကြားခဲ့ပါတယ်။