ပင်လုံညီလာခံ အချိန်မတန်သေး

  • 2 ဒီဇင်ဘာ 2010
ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးဆင်းနေစဉ်
Image caption ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးဆင်းနေစဉ်

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲ အနိုင်ရရှိတဲ့ အခြားပါတီတွေကို လိုက်လံတွေ့ဆုံနေရာမှာ ကရင်ပြည်သူ့ပါတီ ကိုလည်း တွေ့ရှိဖို့ ကမ်းလှမ်း ထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဆက်သွယ် လာတာတော့ရှိလို့ တွေ့ဆုံဖို့တော့ ရှိပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ပူးပေါင်းဆောင်ရွက်ဖို့တော့ လက်မခံနိုင်တဲ့အကြောင်း အမျိုးသားရေး သက်သက်ကိုပဲ လုပ်သွားမှာဖြစ်ပြီး အတိုက်အခံအနေနဲ့ပဲ ရပ်တည်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကရင်ပြည်သူ့ပါတီရဲ့ ဒုတိယဥက္ကဌ စေါအေးကိုက ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင်နဲ့လွတ်မြောက်ပြီးနောက် ပေါ်ပေါက်လာတဲ့ ဒုတိယပင်လုံညီလာခံသဘော ခေါ်ယူဖို့ကိစ္စကလည်း အားလုံး မပါဝင် သေးတဲ့အတွက် ဒီကိစ္စဟာ အချိန်မတန်သေးဘူးလို့ပဲ သူမြင်တဲ့အကြောင်း စေါအေးကိုက ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ တခြားတိုင်းရင်းသား ပါတီတွေနဲ့လိုက်လံတွေ့ဆုံနေပေမယ့် အခုအချိန်အထိတော့ ချင်းအမျိုးသားပါတီကို တွေ့ဆုံဖို့ မကမ်းလှမ်း သေးတဲ့အကြောင်း တကယ်လို့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ သူတို့အနေနဲ့ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ဆွေးနွေးရမှာဖြစ်ကြောင်း၊ လက်တွဲခေါ်မယ်ဆိုရင်လည်း ကိုယ်မလုပ်နိုင်တဲ့ နေရာမျိုးမှာ မင်းက ဒါလုပ် ငါတို့က ဒါလုပ်မယ်ဆိုပြီး လုပ်ခိုင်းရင်တော့မဖြစ်နိုင်တဲ့အကြောင်းနဲ့ လွှတ်တော်ဆိုတာမျိုးက ကလေးမုန့်ပေးဝေနေတာမျိုး မဟုတ်တဲ့အကြောင်း ချင်းအမျိုးသားပါတီရဲ့ ဥက္ကဌ ဦးဇိုဇံက ဘီဘီစီကို ပြောပါတယ်။

မြန်မာပြည်မှာ လူတော်တော်များများက ဒီမိုကရေစီကို ရှေ့တန်းတင်ထားနေကြပေမယ့် တကယ်တော့ တိုင်းရင်းသားအရေးကိစ္စကို အရင်ရှင်းစရာရှိတယ်ဆိုတဲ့ ဘုံသဘောတူညီချက် တခုကို မဟာမိတ် တိုင်းရင်းသားပါတီတွေကြားမှ ရရှိထားတဲ့အကြောင်းနဲ့ ဒီမိုကရေစီမတိုင်ခင် အရေးကြီးတဲ့အချက်က တိုင်းရင်းသားတွေရဲ့ အရေးဖြစ်တယ်လို့ ဦးဇိုဇံက ဘီဘီစီကို ပြောပြပါတယ်။