ရှမ်းနဲ့ ချင်း ပြည်နယ်တွေမှာ နအဖ တပ်အင်အားတိုး

  • 2 ဒီဇင်ဘာ 2010
Image caption မြန်မာ နအဖ စစ်တပ်

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့မှာ အခြေစိုက်နေတဲ့ အက်စ်အက်စ်အေ မြောက်ပိုင်း တပ်မဟာ (၁) ရဲ့ ဆက်ဆံရေးရုံးခွဲကို ရုတ်သိမ်းဖို့ တန့်ယန်းမြို့ဗျူဟာမှူးက ပြီးခဲ့တဲ့ အင်္ဂါနေ့က အဲဒီမှာရုံးမှာ ရှိနေတဲ့တာ၀န်ခံ အက်စ်အက်စ်အေ တပ်သားတွေကို အမိန့်ပေးလိုက်တယ်လို့ တပ်မဟာ (၁) က ပြောပါတယ်။

တပ်မဟာ (၁) ဆက်ဆံရေးရုံးခွဲတွေဟာ တန့်ယန်းမြို့အပြင် ကျန်မြို့နယ်များဖြစ်တဲ့ လားရှိုးနဲ့ ရှမ်းပြည်တောင်ပိုင်းက ကျေးသီး၊ မိုင်းရယ် နဲ့ မိုင်းရှူးမြို့မှာလဲ ရှိပါတယ်။

ဒါပေမဲ့ အဲဒီမြို့က ရုံးတွေကိုတော့ နအဖစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ငြင်းဆန်လိုက်တဲ့အချိန်ကတည်းက နအဖစစ်အစိုးရ အမိန့်မပေးခင်ကတည်းက ရုတ်သိမ်းထားပြီးပြီလို့ တပ်မဟာ (၁)က ပြောပါတယ်။

တချိန်တည်းမှာဘဲ ပြီးခဲ့တဲ့ ၂-ရက်လောက်က အက်စ်အက်စ်အေ တပ်မဟာ (၁) ထိန်းချူပ်ဌာန ၀မ်ဟိုင်း အရှေ့တောင်ဘက် SSA မြောက်ပိုင်း တပ်မဟာ ၇ ဌာနချုပ်ဟောင်းဖြစ်တဲ့ လွယ်ဖာမှာ အမြောက်တပ်စခန်းသစ်ဆောက်ဖို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ နအဖစစ်အရာရှိတွေ နေရာသွားရောက်စစ်ဆေးနေတယ်လို့ ကွန်ဟိန်းဒေသခံတယောက်က ဘီဘီစီကို ပြောပြပါတယ်။

အဲဒီဒေသခံပြောပြချက်အရ နေပြည်တော်ကနေ ကွန်ဟိန်းကို နို၀င်ဘာ ၃၀ ရက်ကရောက်လာပြီး တုန်းဖိန်း ၆ ဘီးကား ၅ စီး၊ စစ်သား အယောက် ၁၀၀ ခန့်နဲ့ ကွန်ဟိန်းမြို့ မြောက်ဘက် မိုင်းဇန်ဘက်သို့ တက်သွားပြီး ဒီကနေ့ထိ အဲဒီမိုင်းနောင်-မိုင်းရှူးကြားမှာရှိနေတုန်းလို့ ပြောပြပါတယ်။

အခုရက်ပိုင်းမှာ စစ်အစိုးရရဲ့ စစ်အင်အားတိုးချဲ့မှု၊ ဖြည့်ဆည်းမှုတွေ ပိုများလာနေပါတယ်။

ပြီးခဲ့တဲ့လမှာတင်ဘဲ လားရှိုးကနေ စစ်အစိုးရရဲ့ တုန်းဖုန်းကား အစီး ၁၀၀ လောက်က လက်နက်နဲ့ စားနပ်ရိက္ခာတွေတင်ပြီး ဝထိန်းချူပ်နယ်မြေရဲ့ မြောက်ဘက်က ကွန်လုံဘက်ကို တက်သွားကြတယ်လို့ လားရှိုးဒေသခံပြောပါတယ်။

အိန္ဒိယ မြန်မာနယ်စပ် ချင်းပြည်နယ်က ဖလမ်း တီးတိန် တွန်းဇံမြို့က နအဖစစ်စခန်းတွေမှာလဲ တပ်ဖွဲ့ဝင် အင်အားကို သုံးဆလောက် တိုးချထားတယ်လို့ သိရပါတယ်။

အဲဒီဒေသမှာ ချင်းအမျိုးသားတပ်ဦး လက်နက်ကိုင်တပ်ဖွဲ့ လှုပ်ရှားနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

တရုတ်မြန်မာနယ်စပ်က စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောကတော့ နအဖရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံတဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ ဒေသတွေနဲ့ မကြာခင် စစ်ရေး မဟာမိတ်ဖွဲ့ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဒေသတွေမှာ နအဖက အခုလို စစ်ရေး လှုပ်ရှားမှုတွေဟာ ခြိမ်းခြောက်မှုသာဖြစ်ပြီး အားလုံးကို တပြိုင်နက် စစ်ဆင်ရေး မလုပ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

အစိုးရ အသစ်ဖွဲ့ပြီးနောက်မှာ တိုက်မယ်ဆိုရင်လဲ တခုချင်း တနေရာချင်းသာ လုပ်သွားမဲ့ ပုံရှိတယ်လို့ ပြောပါတယ်။