HIV/AIDS ဝေဒနာရှင် ၇၀ ရာခိုင်နှုန်း ဆေးမရ

  • 3 ဒီဇင်ဘာ 2010

မြန်မာနိုင်ငံက HIV/AIDS ဝေဒနာရှင် ၃၀ ရာခိုင်နှုန်း ကိုတော့ ခုခံအား ကျဆင်းမှုကို ဟန့်တား နိုင်တဲ့ ARV ပေးနိုင် ပါတယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ အေအိုင်ဒီ အက်စ်ရုံး UNAIDS ရဲ့ ဌာနေ ကိုယ်စားလှယ် မစ္စတာ Sun Gang က ဘီဘီစီကို ပြောပါတယ်။

Image caption ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် လုပ်နိုင် သူတွေ အားလုံးလုပ်ကြတာ ကောင်းတယ်လို့ဆို

မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး နေ့မှာ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ကျော်မြင့်က မြန်မာ နိုင်ငံမှာ ရောဂါ ဖြစ်ပွား မှုနှုန်း ၁၀ နှစ် အတွင်း ကျဆင်း ခဲ့တယ်လို့ ပြောကြား ခဲ့မှုအပေါ် မစ္စတာ Sun Gang က မှန်ကန် နိုင်တယ်လို့ ပြောပါတယ်။

စာရင်း ဇယားတွေအရ ပြောဆိုတာမို့၊ ဒီစာရင်းတွေက အစိုးရရော၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး နဲ့ UNAIDS ပါ ကောက်ခံ ထားတာ ကြောင့်ပါလို့ သူက ဆိုပါတယ်။

အခုလို ရောပါဖြစ်ပွားနှုန်း လျော့ကျလာတယ်ဆိုတာဟာ အမျိုးသမီး လိင်အလုပ် သမားတွေက ကွန်ဒုံး သုံးစွဲ လာတာရယ်၊ လိင်တူ ချစ်သူ အမျိုးသားချင်း ကြားမှာလည်း ကွန်ဒုံး သုံးစွဲအောင် ပညာပေး နိုင်တာရယ် ကြောင့်လို့ သူက ထောက်ပြပါတယ်။

ဒါပေမဲ့ မူးယစ် ဆေးဝါး သုံးစွဲသူတွေ ကြားမှာတော့ လျော့ကျမှုက သိပ်မရှိသေး ဘူးလို့ မစ္စတာ Sun Gang က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လူမှုအကူ အညီပေးရေး လုပ်ငန်းတခု ဖြစ်တဲ့ ဒဂုံမြို့သစ် တောင်ပိုင်းမှာ မဖြူဖြူသင်းတို့ တည်ထောင် ထားတဲ့ HIV/AIDS စင်တာ အပါအဝင် ဝေဒနာသည် တွေကို စောင့်ရှောက် ထားတဲ့ လူမှုရေး အဖွဲ့အစည်း တွေကိုလည်း သူက ချီးကျူး ခဲ့ပါတယ်။

အခုလို အားလုံး နိုင်တဲ့ဘက်က ဝေဒနာသည်တွေကို စောင့်ရှောက် ကူညီလုပ်ကိုင် တာတွေဟာ ကောင်းပါတယ်လို့ မစ္စတာ Sun Gang က ထောက်ပြ ပြောဆိုခဲ့ပါတယ်။