မြန်မာနိုင်ငံ အရေး လျှို့ဝှက်ချက်တွေ wikileaksရထား

  • 3 ဒီဇင်ဘာ 2010
wikileaks
Image caption မြန်မာနိုင်ငံအကြောင်း လျှို့ဝှက် ဆွေးနွေးချက် တွေ wikileaks က မကြာခင်ထုတ်ပြန်ဖို့ရှိ

လျှို့ဝှက် အချက်အလက်တွေ ဖွင့်ချမှု ကြောင့် အခြေအတင် အငြင်းပွားစရာ ဖြစ်နေတဲ့ Wikileaks ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် သံတမန်တွေရဲ့ လျှို့ဝှက် ပြောဆိုချက်ပေါင်း ၃ထောင်ကျော် ကိုလည်း ရထားတယ်လို့ သိရပါတယ်။

အဲဒီထဲမှာ မြန်မာ့အရေး ကိုင်တွယ် ဆောင်ရွက် နေတဲ့ ကုလသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို အမေရိကန် အစိုးရက စောင့်ကြည့် အကဲခတ် နေတယ် ဆိုတဲ့ လျှို့ဝှက် အချက်အလက်တွေ ပါဝင်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟေလာရီ ကလင်တန် ထံ ပေးပို့တဲ့ အစီရင်ခံစာထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘာတွေ စီစဉ် ဆောင်ရွက်နေသလဲ၊ အဲဒီတုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ မစ္စတာ ဂမ်ဘာရီ အပေါ် ယုံကြည် စိတ်ချရမှုက ဘယ်လောက် ရှိသလဲ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း UNDP က ဘာတွေ လှုပ်ရှား ဆောင်ရွက်နေသလဲ၊ UNDP ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ်တွေနဲ့ မြန်မာ အာဏာပိုင်တွေရဲ့ ဆက်ဆံရေးက ဘယ်လို ရှိသလဲ ဆိုတာတွေကို အထူး စုံစမ်းထားတာတွေ ပါတယ်လို့ wikileaks က ဆိုပါတယ်။

တခါ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေဟာ တရုတ်အစိုးရထံ သတင်း အချက်အလက်တွေ ပေးပို့နေပုံ ရကြောင်း ၂၀၀၉ ခုနှစ်တုန်းက အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး နဲ့ စင်္ကာပူ ခေါင်းဆောင်ဟောင်း လီကွမ်ယုတို့ တွေ့ဆုံ ဆွေးနွေးစဉ်မှာ မစ္စတာ လီကွမ်ယုက ပြောဆိုခဲ့တယ် ဆိုတဲ့ အကြောင်းကိုလည်း wikileaks က စုံစမ်း သိထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် သံတမန်တွေ ဘာတွေ လျှို့ဝှက် ပြောဆို ဆွေးနွေးခဲ့ကြသလဲ ဆိုတဲ့ နောက်ထပ် အချက်အလက် အထောက်အထားတွေ မကြာခင် ထပ်ထွက်လာဖို့ ရှိနေပါတယ်။

Wikileaks ဟာ အင်တာနက် တိုက်ခိုက်မှုတွေကြောင့် ပိတ်လိုက်ရအပြီး အခုအခါ swiss နာမည် သစ်တခုနဲ့ online ပေါ် ပြန်ရောက်လာပြီ ဖြစ်ပါတယ်။

အမေရိကန် သံတမန်ရေးနဲ့ စစ်ရေး လျှို့ဝှက်ချက် ထောင်ပေါင်းများစွာကို စဖွင့်ချ ဖေါ်ပြခဲ့ပြီးချိန် ကတည်းကစလို့ သူတို့ရဲ့ အင်တာနက် လှုပ်ရှားမှုတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းခံခဲ့ရတယ်လို့ Wikiileaks က ပြောပါတယ်။