သတင်းစာပါ ကြံ့ခိုင်ရေးပါတီရဲ့ ကြေညာချက် တရားမဝင်

  • 5 ဒီဇင်ဘာ 2010

ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာ သတင်းစာတွေထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လွှတ်တော် နေရာ ၁၁၅၀ ကျော်အနက် ၉၀၀ နီးပါး သူတို့ အနိုင်ရအောင် မဲပေးခဲ့တဲ့ ပြည်သူလူထုကို ကျေးဇူးတင်တဲ့အကြောင်း စာမျက်နှာတဝက်အသုံးပြုပြီး ဖေါ်ပြခဲ့ပါတယ်။

Image caption ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲ အောင်နိုင်လို့ ဆိုပြီး လူထုကို ကျေးဇူးတင်ကြောင်း ကြေငြာ

ကြံ့ခိုင်ရေးပါတီက အခုလို သတင်းစာကတဆင့် သူတို့အနိုင်ရပြီ ဆိုတဲ့သဘော တရားဝင် ကြေညာလိုက်တာမို့ ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့ အမှုတွေအားလုံး အချည်းနှီးဖြစ်ရမယ့် သဘော ယူဆရမလို ဖြစ်လာပါတယ်။

မဲမသမာမှုတွေကို တိုင်ကြားထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဦးအေးလွင်ကတော့ ဒီလိုယူဆ ပြောဆိုလို့ မရတဲ့အကြောင်း၊ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေတွေအရ ကန့်ကွက်မှုတွေကို ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၆၀ အတွင်း လုပ်နိုင်တဲ့ အတွက် ဒီ ကိစ္စတွေ အားလုံး ဖြေရှင်းလို့ပြီးစီးတဲ့ အချိန်မှသာ ရွေးကောက်ပွဲရဲ့ ရလဒ်တွေ အတည်ဖြစ်မှာဖြစ်ကြောင်း၊ အခုလို ရက်ပေါင်း ၆၀ မကျော်ခင် ဒီလို ကြေညာတာဟာ မဖြစ်နိုင်တဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် အမျိုးသားအောင်ပွဲနေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သဝဏ်လွှာထဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မှန်မှန်ကန်ကန် ကျင်းပပေးခဲ့တယ်လို့ ထည့်ပြောသွား တာဟာ တိုင်ကြားထားတဲ့အမှုတွေကို လစ်လျူရှုတဲ့သဘောဖြစ်တာမို့ တရားနည်းလမ်း မကျဘူးလို့ ဦးအေးလွင်က ပြောပါတယ်။

ဒါကြောင့်မို့ ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေတွေနဲ့ အညီမဟုတ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာပါ ကြေညာချက်ဟာ တရားဝင်တဲ့ ကြေညာချက် မဟုတ်ဘူးဆိုတာ အတိအကျ ပြောနိုင်ပါတယ်လို့ ဦးအေးလွင်က ဘီဘီစီကို ပြောပြသွားပါတယ်။