ထိုင်းမြန်မာ နယ်စပ် တိုက်ပွဲ ပြင်းထန်

  • 6 ဒီဇင်ဘာ 2010
karen_battle
Image caption တိုက်ပွဲတွေကြောင့် ပြေးလာသူတွေကို ထိုင်းဖက် က လက်ခံထားရ

ထိုင်းမြန်မာ နယ်စပ်မှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ DKBA ခွဲထွက်အဖွဲ့နဲ့ စစ်အစိုးရတပ်တွေအကြား ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပအပြီး နောက်တနေ့က စခဲ့တဲ့ တိုက်ပွဲတွေက နေ့စဉ်လိုလို ဆက်တိုက် ဖြစ်ပွားနေခဲ့ရာမှာ အခုအခါ တစထက်တစ ပိုပြီး ပြင်းထန်လာတယ်လို့လည်း ပြောလို့ရပါတယ်။

နောက်ဆုံးဖြစ်တဲ့ တိုက်ပွဲကတော့ ဝေါ်လေမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲဖြစ်ပြီး စစ်အစိုးရတပ်ကို DKBA ခွဲထွက်အဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ပွားတဲ့ ဝေါ်လေမြို့ဘက်ကနေပြီး ရွာသား သုံးထောင် လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြရပါတယ်။

မြဝတီမြို့ တောင်ဖက် ၄ မိုင်ခွဲ လောက်မှာရှိတဲ့ မဲ့ဝါခီး ရွာနားမှာလည်း DKBA နဲ့ စစ်အစိုးရတပ်တွေ ညလုံးပေါက် တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ကော့ကရိတ်မြို့ အထွက် ကြောင်လျှာကုန်း ရွာနားမှာလည်း မနေ့ညနေက DKBA နဲ့ စစ်အစိုးရ တပ်တွေ နောက်ထပ် တိုက်ပွဲဖြစ်ပါတယ်။

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေလို့ ထိုင်းနိုင်ငံဘက် ပြေးလာလိုက် မြန်မာဘက်ကမ်း ပြန်သွားလိုက် လုပ်နေကြရတဲ့ စစ်ပြေး ဒုက္ခသည်တွေထဲက ရွာသူ တစ်ဦးက တိုက်ပွဲတွေ ဖြစ်လို့ အခုလို ခဏခဏ ထွက်ပြေး တိမ်းရှောင် နေရတဲ့ အတွက် သားသမီးတွေ ပညာရေးပျက် ဒုက္ခရောက်ကြ ရတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားတဲ့ နေရာဟာ တောင်ကုန်း တောင်ငယ် ထူပြောတဲ့နေရာ ဖြစ်နေတာ အပြင် DKBA ခွဲထွက် အဖွဲ့အပါအဝင် KNU၊ ကျောင်းသား တပ်မတော် နဲ့ တခြား တော်လှန်ရေး အဖွဲ့တွေကလည်း ပြောက်ကျားစစ် ပုံသဏ္ဍာန်နဲ့ တိုက်ခိုက်လာ ကြတာမို့ စစ်အစိုးရဖက်က တပ်ရင်း ၅ ရင်းကနေပြီး နောက်ထပ် တပ်ရင်းတွေ ဖြည့်ပြီး တိုက်ခိုက်လာနေရပါတယ်။

ဒီလို စစ်အစိုးရက အင်အားတွေ ဖြည့်လိုက်၊ DKBA ခွဲထွက်အဖွဲ့ ဖက်ကလည်း ပြောက်ကျား စနစ်နဲ့ တိုက်လိုက် လုပ်နေကြတာမို့ တိုက်ပွဲတွေဟာ ရေရှည်နေဦးမယ်လို့ ယူဆနေကြပါတယ်။