အမေရိကန်အရာရှိကြီး ရန်ကုန်ရောက်

  • 7 ဒီဇင်ဘာ 2010

အမေရိကန်နိုင်ငံရဲ့ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun ဟာ မြန်မာနိုင်ငံကို ဒီကနေ့က စလို့ ၄ ရက်ကြာ အလည်အပတ် ခရီး ရောက်နေပြီး ဒီကနေ့မှာ ရွေးကောက်ပွဲဝင် အနိုင်ရပါတီ တချို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

Image caption ဆွေးနွေးပွဲဟာ ယေဘူယျ သဘောဆောင်ပြီး သိချင်တာ မေးတာကို ဖြေခဲ့တယ်လို့ ဆိုသူ

ခရီးစဉ်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ စစ်အစိုးရရဲ့ ထိပ်တန်း အရာရှိတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ရှိတဲ့ အကြောင်း ရန်ကုန် အခြေစိုက် အမေရိကန် သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

တွေ့ဆုံဆွေးနွေးပွဲဟာ ယေဘူယျ သဘောဆောင်တဲ့ အကြောင်း၊ အချက်အလက် ကောက်တဲ့ ခရီးစဉ် ဖြစ်တာမို့ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက သူသိလိုတဲ့ ရွေးကောက်ပွဲမှာ ကြုံတွေ့ ခဲ့ရတဲ့ အခြေအနေတွေ၊ လွှတ်တော်မှာ ဘာတွေ လုပ်ကြမှာလဲ ဆိုတဲ့ အကြောင်းတွေ မေးမြန်း ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဌ ဒေါက်တာ သန်းငြိမ်းက ဘီဘီစီကို ပြောပါတယ်။

Joseph Yun နဲ့ ဒီကနေ့ တွေ့ခဲ့တဲ့ နိုင်ငံရေး ပါတီ ၈ ခု လောက် ပါမယ်လို့ ဒေါက်တာ သန်းငြိမ်းက ဆက် ပြောပါတယ်။

အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲအပြီး တလ အကြာမှာ ရောက်လာတဲ့ အခု ခရီးစဉ်မှာ အမေရိကန်ဟာ ထုံးစံအတိုင်း လူ့အခွင့်အရေး ပြဿနာ၊ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ကိစ္စနဲ့ စစ်တပ်နဲ့ တိုင်းရင်းသား ပဋိပက္ခကို ဆွေးနွေးဖို့ ရှိနိုင်သလို အမေရိကန် အကျိုးစီးပွား အတွက်လည်း ဆွေးနွေး လိမ့်မယ်လို့ လန်ဒန် စီးပွားရေး တက္ကသိုလ်က သုတေသီ ဒေါက်တာ ဇာနည်က သုံးသပ် ပါတယ်။

မြန်မာကို အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု Santion ကိုလည်း ဆွေးနွေးကြဖို့ ရှိပေမယ့် တကယ်တော့ Santion ဟာ ဗိုလ်ချုပ်တွေကို အိပ်ရေးတောင် မပျက်စေပါဘူးလို့ ဒေါက်တာ ဇာနည်က ဥပမာပေး ပြောဆို ပါတယ်။

အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ အမေရိကန်က သူ့ကိုယ်ကျိုး စီးပွားကို ဦးစားပေး ထားပြီး မြန်မာ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးက နောက်က ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်က မြန်မာ့နိုင်ငံရေးမှာတော့ အရေးပါနေပါတယ်လို့ ဒေါက်တာ ဇာနည်က ပြောပါတယ်။

စစ်အစိုးရ အနေနဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက စိတ်ဝင်စားနေချိန်၊ ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘာဆက်လုပ်မလဲ ဆိုတာကို စောင့်ကြည့် နေချိန်မှာ အခုလို အမေရိကန် အရာရှိကြီး မြန်မာနိုင်ငံ လာတယ် ဆိုတာ စစ်အစိုးရ အနေနဲ့ နိုင်ငံရေး ကျားကွက် ရွှေ့တာ၊ တိုင်းရင်းသား လက်နက်ကိုင် တွေကို အနိုင်ကျင့်ဖို့ လုပ်ချိန်မှာ မျက်လှည့် ဆရာလို အရောင်ပြ၊ ဟန်ပြ လုပ်တာပါလို့ ဒေါက်တာ ဇာနည်က သုံးသပ် ပါတယ်။