အမေရိကန် အစိုးရအရာရှိ နဲ့ NDF တွေ့ဆုံ

  • 8 ဒီဇင်ဘာ 2010
_joseph_yun
Image caption အမေရိကန် အစိုးရအရာရှိ ဂျိုးဆက်ယွန်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဂျိုးဆက်ယွန်း ဟာ သူ့ရဲ့ လေးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဆိုပါ ပါတီတွေထဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ၊ ရခိုင် မွန် ချင်း ပါတီတွေ ပါဝင်ကြပါတယ်။

NDF ပါတီမှ ဒေါက်တာသန်းငြိမ်းက အမေရိကန် အရာရှိရဲ့ ခရီးစဉ်ဟာ အချက်အလက် ရှာဖွေစုဆောင်း ပုံရကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ဆွေးနွေးကြရာမှာ ပါတီနဲ့ နိုင်ငံရေးသမား အားလုံး ပါဝင်ခွင့် မရတာရယ်၊ လွတ်လပ် တရားမျှတမှု မရှိတာတွေ တင်ပြကြရာမှာ မစ္စတာ ယွန်းအနေနဲ့ တစုံတရာ ဝေဖန်မှု မပြုပုံ ကိုလည်း ဒေါက်တာသန်းငြိမ်းက ရှင်းပြပါတယ်။

NDF ပါတီအနေနဲ့တော့ အမျိုးသားရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေး အတွက် အစိုးရဖက်က နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ လိုအပ်သလို၊ ဒဏ်ခတ်ပိတ်ဆို့မှု ကိုလဲ ပြန်လည်သုံးသပ် စေလိုပုံ တင်ပြတာကို ဘီဘီစီ ကို ပြောပြပါတယ်။