ဒေါ်စု ပြောတဲ့ သူ့ အကြောင်း ရုပ်ရှင်

  • 9 ဒီဇင်ဘာ 2010

ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိသားစုဘဝ နဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေ အကြောင်း ရိုက်ကူး နေတဲ့ Divided Heart လို့ ယာယီ နာမည် ပေးထား တဲ့ ရုပ်ရှင်ကို အသေအချာ လေ့လာပြီးမှ ရိုက်ကူးကြပုံ ပေါ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က မှတ်ချက် ပေးပါတယ်။

Image caption ဟောလီးဝုဒ် မင်းသမီး နဲ့ ဒေါ်အောင်ဆန်း စုကြည်

သူ့ အနေနဲ့ ရုပ်ရှင် အကြောင်း သိပ်မသိပေမဲ့ သူ့ နေရာမှာ သရုပ်ဆောင်မယ့် ဟောလီးဝုဒ် ရုပ်ရှင် မင်းသမီး Michelle Yeoh က မြန်မာ နိုင်ငံကို လာပြီး သူ့ကို လာတွေ့ ရာမှာ ခင်မင်စရာ ကောင်းပြီး မိတ်ဆွေလို သဘောထားမိ သွားတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

Divited Heart ရုပ်ရှင်က မိသားစု ကွဲကွာ နေတဲ့ ကိစ္စကို အဓိကထား ရိုက်ကူးတာ ဖြစ်ပါတယ်။ ရွှေတိဂုံ စေတီမှာ ဟောပြောတဲ့ အခန်းမှာ မင်းသမီး က ဗမာလို ပြောဖို့ ဗမာစကားသင် ခဲ့ပြီး ကျန်တဲ့ အခန်းတွေကိုတော့ အင်္ဂလိပ်လိုပဲ ပြောခဲ့တာ လို့ ရုပ်ရှင်ထဲမှာ ပါသူ တစ်ယောက်က ပြောပါတယ်။

Michelle Yeoh ရဲ့ ဘေးတိုက်ပုံဟာ သူနဲ့ အတော်တူတယ်လို့ ဓါတ်ပုံကို တွေ့ရသူတွေက ပြန်ပြော ကြကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ဘီဘီစီကို ပြန်ပြော ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ကတော့ သူ့နဲ့ ပတ်သက်တဲ့ ဗီဒီယို တွေကို ကြည့်ဖို့ တောင် စဉ်းစား ရတာမို့ အခုလို သူ့ အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင် ကို ပြန်ကြည့်ဖို့ ကျတော့ စိတ်ထဲ တမျိုးဖြစ်မိ တဲ့ သဘော ရယ်မော ပြောဆိုခဲ့ ပါတယ်။

ရုပ်ရှင်ထဲက ဇာတ်ကောင် တစ်ယောက်

အန်အယ်ဒီ ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့တဲ့ ဦးကြည်မောင် ရဲ့ နေရာမှာ သရုပ်ဆောင်တဲ့ ထိုင်းနိုင်ငံ ရောက် အန်အယ်လ်ဒီ အဖွဲ့ဝင် ဦးသိန်းဝင်း ကတော့ သူ သရုပ်ဆောင်ရတဲ့ နေရာကို သဘောကျမိတယ်လို့ ပြောပါတယ်။

ဦးကြည်မောင်နဲ့ တူအောင် မျက်နှာမှာ မိတ်ကပ် တော့ မလိမ်းခဲ့ရပေမဲ့ ဆံပင်ကိုတော့ အဖြူဆိုးလိုက် အမဲရောင် ပြန်ဆိုးလိုက်နဲ့ လုပ်ခဲ့ရတယ်လို့ လည်း သူက ပြောပါတယ်။

ရုပ်ရှင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေတိဂုံ စေတီ တရားဟောပွဲနဲ့ နယ်လှည့် ခရီးစဉ်တွေမှာ ဦးကြည်မောင် လိုက်ပါသွားတဲ့ အကြောင်း တွေကို ရိုက်ကူး ရတာရယ် မင်းသမီး ကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ သိပ်တူတဲ့ အတွက် သူကိုယ်တိုင် ဒေါ်စုရဲ့ စည်းရုံးရေး ခရီးစဉ်တွေကို လိုက်ပါ ဆောင်ရွက် နေရ သလို ခံစား မိရ တယ်လို့ ဦးသိန်းဝင်းက ပြောပါတယ်။