ဒေါ်စုရဲ့ နိုဘယ်ဆု အပေါ် သဘောထား

  • 9 ဒီဇင်ဘာ 2010

နိုဘယ်အခုနှစ် အတွက် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် တရုတ် လူ့ အခွင့် အရေး လှုပ်ရှားသူ လျူရှောင်ဘိုကို သောကြာနေ့မှာ ဆု ချီးမြှင့်မှာ ဖြစ်ပေမဲ့ လောလောဆယ် အကျဉ်း ကျခံနေရ တာမို့တက်ရောက် ဆုယူနိုင်မှာ မဟုတ်ပါဘူး။

Image caption အတိုက်အခံ တွေကို နိုဘယ်ဆု ပေးတာ မထူးဆန်း လို့ ဒေါ်စု ပြော

ဆုယူရမယ့် အချိန်က နေအိမ်အကျယ်ချုပ် ကျခံ နေခဲ့ရတဲ့ အတွက် ကိုယ်တိုင် ဆုမယူနိုင်ခဲ့ တဲ့ ၁၉၉၁ ခုနှစ်က နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ ဒီမို ကရေစီ ခေါင်း ဆောင် ဒေါ်အောင် ဆန်း စုကြည် က လျူရှောင်ဘို ရော သူ့ မိသားစု ပါ ဆု အပ်နှင်းပွဲကို မတက်ရောက် နိုင်တဲ့ အတွက် စိတ်မကောင်း ဖြစ်မိ တယ်လို့ ပြော ပါတယ်။

ဒါ့အပြင် အတိုက်အခံ လှုပ်ရှားသူတွေကို နိုဘယ်ဆု ချီးမြှင့် တာကြောင့် အုပ်ချုပ်သူ ဘက်က ဖိနှိပ်မှုတွေ ရှိပေမယ့် ရုန်းကန် နေရသူ တွေအတွက် အားတက်စေ တယ်လို့ ပြောပါတယ်။

နိုဘယ်ဆု ရလိုက်လို့ လူတွေ ပို သိလာပြီး အာရုံစိုက်မှု ပိုရှိလာ ပေမဲ့ ဘာမှတော့ သိပ်ပြီး ထူးခြား မလာခဲ့ဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သူ့ အနေနဲ့ ဆိုရင် နိုဘယ်ဆု ရခဲ့တဲ့ အချိန်မှာရော ရပြီးနောက်မှာပါ အကြိမ်ကြိမ် အကျယ်ချုပ် ချခံခဲ့ရတယ် လို့လည်း ဆိုပါတယ်။

သူ့ အနေနဲ့က အကြမ်းဖက်တဲ့ နည်းကို မကြိုက် သူမို့ နိုဘယ်ဆု ရထားတဲ့ အတွက် ဒီဟာမလုပ်ရ၊ ဟိုဟာ မလုပ်ရ ဆိုတာမျိုး ဆိုပြီး ခေါင်းထဲ တခါမှ မရှိခဲ့တဲ့ အကြောင်းနဲ့ သူ့ကိုနိုဘယ်ဆု ပေးတာ ကျေးဇူးတင် ဂုဏ်ယူ တဲ့ အကြောင်း၊ ဒါပေမဲ့ ဒီဆုဟာ သူ့ တစ်ယောက်ထဲ ကို ပေးတာ မဟုတ်ဘဲ ဒီမိုကရေစီ လှုပ်ရှားမှု တစ်ခုလုံး ကို ပေးတာ လို့ နားလည် ထားတဲ့ အကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

နိုဘယ် ငြိမ်းချမ်းရေးဆု ပေးတဲ့နေ့ဟာ နိုင်ငံတကာ လူ့ အခွင့်အရေးနေ့ ဖြစ်တာကြောင့် အဲဒီလို အချိန်မှာ မြန်မာ ပြည်သူတွေ လူ့ အခွင့်အရေး တွေ ပြည့်ပြည့် ဝဝ ခံစားစေချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်မိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ ဆန္ဒကို ထုတ်ဖော် ပြောခဲ့ပါတယ်။