လွတ်လပ်ရေး တိုက်ပွဲဝင် ဒေါ်မြရီ ကွယ်လွန်

  • 9 ဒီဇင်ဘာ 2010
Daw Mya Yee
Image caption လွတ်လပ်ရေး တိုက်ပွဲဝင် ကျောက်ဆည် ဒေါ်မြရီ

ဖက်ဆစ် တော်လှန်ရေး၊ ဗမာ့လွတ်လပ်ရေး တိုက်ပွဲတွေမှာ ရှေ့တန်းကနေ ဦးဆောင် ပါဝင်ခဲ့တဲ့ ဗမာ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်ကြီး ဒေါ်မြရီဟာ အသက် ကိုးဆယ့် သုံးနှစ် အရွယ်မှာ ကျောက်ဆည် မြို့မှာ မနေ့ညနေ လေးနာရီက ကွယ်လွန် သွားခဲ့ပါတယ်။

ဒေါ်မြရီဟာ အသက် နှစ်ဆယ် အရွယ်က စပြီး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲမှာ ပါဝင် ခဲ့တဲ့ တော်လှန်ရေး ခေါင်းဆောင် တယောက် ဖြစ်ပါတယ်။

သူ့အသက် နှစ်ဆယ် အရွယ် ၁၉၃၈ ခုနှစ် ပတ်ဝန်းကျင်မှာ သူဟာ ကျောက်ဆည်မြို့က ဒို့ဗမာ အစည်းအရုံး ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ သခင် ဘရွှေကြီး၊ သခင် ဘရွှေလေး၊ သခင်ရွှေအုပ်၊ သခင်တင်ရွှေ တို့နဲ့ အတူ အင်္ဂလိပ် လက်အောက်က လွတ်မြောက်ရေးအတွက် လှုပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။

ဂျပန်ခေတ်မှာ အာရှလူငယ် အစည်းအရုံးမှာ အလုပ် လုပ်ခဲ့ပြီး ဘီအိုင်အေ ဗမာ့တပ်မတော် အတွက် တပ်သား စုဆောင်း ပေးခဲ့ပါတယ်။ ကျောက်ဆည်ခရိုင် အတွက် ရိက္ခာ တာဝန်ခံ အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

နောက်ပိုင်း ဂျပန် တော်လှန်ရေးအတွက် ပြင်ဆင်ကြချိန်မှာတော့ တော်လှန်ရေး ရဲဘော် တွေကို လျှို့ဝှက် နိုင်ငံရေး သင်တန်းတွေ ပို့ချပေးခဲ့ပါတယ်။

နောင်မှာ ခင်ပွန်းသည် ဖြစ်လာမယ့် သခင်တင်ရွှေနဲ့ အတူ အိန္ဒိယနိုင်ငံက မဟာမိတ် တပ်ဖွဲ့တွေနဲ့ ဆက်သွယ်ဖို့ သွားရောက်ခဲ့ပါတယ်။

အိန္ဒိယကနေ လေထီးတပ်ဖွဲ့ဝင်တွေ ပို့ဆောင်နိုင်ဖို့ ဆောင်ရွက်ခဲ့ပြီး လေနတ်သား သတင်းစာကို လည်း သခင်သိန်းဖေနဲ့ အတူ ရေးသားထုတ်ဝေပြီး လေကြောင်းကနေ ဗမာနိုင်ငံထဲကို ကြဲချပြီးဝါဒဖြန့်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဂျပန်တော်လှန်ရေး အောင်မြင်ပြီးတဲ့နောက် ခင်ပွန်း သခင်တင်ရွှေနဲ့ အတူ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။

အဲဒီနောက် ဒေါ်မြရီဟာ ကျောက်ဆည်ခရိုင် ကွန်မြူနစ်ပါတီရဲ့ ခရိုင် ကော်မတီဝင် တာဝန်နဲ့ နိုင်ငံရေး ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ သခင်တင်ရွှေ တောထဲမှာ လုပ်ကြံခံရပြီးနောက် မြို့ပေါ် ပြန်ရောက်ပြီး မြို့နယ် တရားစီရင်ရေး နာယက ပညာရေး အစည်းအရုံး ဥက္ကဌ တာဝန်တွေ ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းမှာ အသက် ၇၀ အရွယ်ရှိပြီ ဖြစ်ပေမယ့် တက်တက်ကြွကြွလှုပ်ရှားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ သားသမီး သုံးဦးကျန်ရစ်ခဲ့ပါတယ်။