နိုင်ငံတကာလူ့အခွင့်အရေးနေ့ ကျင်းပ

  • 10 ဒီဇင်ဘာ 2010
UDHR
Image caption ကုလသမဂ္ဂ လူ့အခွင့်အရေးကြေငြာစာတမ်း

နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ မြန့်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဗီဒီယိုကနေ အမှာစကား ပေးပို့ခဲ့ရာမှာ ကမ္ဘာတဝန်းလုံးက လူ့အခွင့်အရေး ကာကွယ်သူတွေအနေနဲ့ သူတို့ ကိုယ်တိုင်လည်း အကာအကွယ်ရသင့်တဲ့ အကြောင်း ပြောလိုက်ပါတယ်။

လွတ်လပ်မှုနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြသူတွေဟာ တခါတရံမှာ သူတို့ကိုယ်တိုင် ဖိနှိပ်ခံကြရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားထဲမှာ ပြောထားပါတယ်။

Image caption NLD ရုံးမှာ လူ့အခွင့်အရေးနေ့ကျင်းပ

ရန်ကုန်မြို့က NLD ရုံးချုပ်မှာလည်း လူ့အခွင့် အရေးနေ့အခမ်းအနား ကျင်းပခဲ့သလို မြန်မာနိုင်ငံက နေရာတချို့မှာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေက အခမ်းအနားတွေ ပြုလုပ်ကြပါတယ်။

ရန်ကုန်မြို့ NLD ပါတီ ရုံးချုပ်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာတော့ နိုင်ငံရေးအကျဉ်းသား မိသားစုများနဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တွေက ခံစားတွေ့ကြုံနေရတဲ့ အခက်အခဲတွေကို တင်ပြပြောဆိုကြပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း တဦးချင်း ပြန်လည်တွေ့ဆုံ စကားပြောကာ အဖွဲ့ချုပ်ရဲ့ ဥပဒေအဖွဲ့နဲ့ လူမှုအထောက်အကူပြုအဖွဲ့ကလည်း ဘယ်လို ဖြေရှင်းကူညီနိုင်မယ်ဆိုတာ ဆွေးနွေးခဲ့ကြောင်း NLD ပါတီက ဦးအုန်းကြိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီအခမ်းအနားမှာ နိုင်ငံရေးအကျဉ်းသား မိသားစုများ အပါအဝင် လူရာဂဏန်း တက်ရောက်ခဲ့ကြပါတယ်။

ပဲခူးမြို့မှာလည်း ဈေးကြီး၊ ဥဿာနဲ့ နန်းတော်ရာ ရပ်ကွက်တွေမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းတွေကို NLD လူငယ်တွေက လူထုကို ဝေငှခဲ့ပါတယ်။

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့မှာလည်း လူ့အခွင့်အရေး အခမ်းအနားတခုကို လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်က ပြုလုပ်ခဲ့ပါတယ်။

ဒီကွန်ယက်က ဦးမောင်မောင်လေးက လောလောဆယ် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက နေရာအသီးသီးမှာ ကြုံနေရကြောင်း၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကိုယ်တိုင် ဖိနှိပ်ခံကြရကြောင်း ပြောပြပါတယ်။