ဒေါ်စုနဲ့ မစ္စတာယွန်းတို့ သီးခြားတွေ့ဆုံ

  • 10 ဒီဇင်ဘာ 2010

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံရဲ့ အရှေ့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်းက လာရောက် တွေ့ဆုံတာမှာ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတွေ့ရတဲ့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ယွန်း

နှစ်ဘက်ဆွေးနွေးမှုတွေမှာ နိုင်ငံရေး ပါတီတွေ တရားဝင် ဆက်လက် ရပ်တည် နိုင်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စနဲ့ စီးပွားရေး ပိတ်ဆို့တဲ့ ကိစ္စတွေလည်း ပါဝင်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ တဦးဖြစ်တဲ့ အင်န်အယ်လ်ဒီ ပါတီရဲ့ ဗဟို အလုပ် အမှုဆောင် ဦးအုန်းကြိုင်က ဘီဘီစီကို ပြောပါတယ်။

မစ္စတာယွန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီကြာ သီးသန့် တွေ့ဆုံခဲ့သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်န်အယ်လ်ဒီ ပါတီရဲ့ အမှုဆောင် လူကြီးတွေနဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က လူကြီးတွေနဲ့ပါ ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆွေးနွေးပွဲတိုင်းမှာ ပါဝင် ခဲ့တယ်လို့ သိရပါတယ်။

တခုတလော မြန်မာ့နိုင်ငံရေးမှာ ရေပန်းစားလာတဲ့ ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး ကိစ္စကို CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောဆို ဆွေးနွေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း တပ်မတော် ပါဝင်ရေးကို ဖြည့်စွက် ဆွေးနွေးခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒုတိယပင်လုံညီလာခံကိစ္စအပေါ် အမေရိကန်က ဘယ်လိုသဘောထားတယ်ဆိုတာကိုတော့ သူ မသိဘူးလို့ ဦးအုန်းကြိုင်က ဆက်ပြောပါတယ်။

ဒါပေမဲ့ မစ္စတာယွန်းရဲ့ ခရီးစဉ်ဟာ ကျေနပ်အားရဖွယ်ရှိပြီး မြန်မာ့နိုင်ငံရေးအတွက် တိုးတက်မှု တချို့ ဖော်ဆောင် ပေးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တဲ့ အကြောင်း ဦးအုန်းကြိုင်က ဘီဘီစီကို ပြောပါတယ်။