နျူကလီယား စီမံကိန်း မြန်မာမှာ ရှိသလား

  • 10 ဒီဇင်ဘာ 2010

အမေရိကန် သံတမန်တွေရဲ့ လျှို့ဝှက်ချက် တွေကို ဖွင့်ချခဲ့တဲ့ Wikileaks ဝက်ဘ်ဆိုဒ်ရဲ့ နောက်ဆုံး ထုတ်ပြန်ချက် ထဲမှာ မြန်မာ နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ လျှို့ဝှက် နျူးကလီးယား တည်ဆောက်မှု တွေ လုပ်ဆောင် နေတာ ဖြစ်နိုင်တယ်လို့ ထပ်လောင်း ဖော်ပြထားပါတယ်။

Image caption Wikileaks ရဲ့ နေက်ဆုံး ဖွင့်ချ ချက်မှာ မြန်မာ မြောက် ကိုရီးယား ပတ်သက် မှုပါရှိ

ဗြိတိန် နိုင်ငံထုတ် The Guardian သတင်းစာထဲမှာ တော့ ပေါက်ကြားလာတဲ့ လျှို့ဝှက် စာတမ်း တစ်ခုထဲ မြန်မာနိုင်ငံတွင်းက ဒုံးလက်နက် ထုတ်လုပ်ရေး စက်ရုံ တစ်ခုနဲ့ လျှို့ဝှက် မြေအောက် တည်ဆောက်ရေး လုပ်ငန်း မှာ မြောက်ကိုရီးယား အလုပ်သမား သုံးရာ လောက် အလုပ်လုပ် နေတယ် လို့ ရည်ညွှန်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဲဒီ ခန့်မှန်းပြောဆိုမှုတွေကို အတည်ပြုနိုင်တဲ့ စာရွက်စာတမ်း တစ်ခုမှ မရှိဘူးလို့ ဘီဘီစီ သံတမန်ရေးရာ သတင်းထောက်က ပြောပါတယ်။

Wikileaks ကနေ ထုတ်ပြန်လိုက်တဲ့ နောက်ထပ် လျှို့ဝှက်ချက်တွေထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်က တရုတ် သံအမတ်ကြီး Guan Mu က မြန်မာ ဗိုလ်ချုပ်ကြီးတွေဟာ လက်ရှိ အခြေအနေ မကောင်းတာကို ပိုဆိုးအောင် လုပ်ခဲ့တယ် ဆိုပြီး အမေရိကန် သံတမန်တွေကို ပြောခဲ့တာ အပါအဝင် တရုတ်နိုင်ငံက မြန်မာ အစိုးရ အပေါ် ပိုမို စိတ်ပျက် လက်ပျက် ဖြစ်လာတာကို ဖွင့်ချ ထားပါတယ်။