မဲဝယ်လို့ နိုင်တယ်ဆိုပြီး ကြံ့ဖွံ့က ကော်မရှင်ကို တိုင်

  • 11 ဒီဇင်ဘာ 2010

ကြိုတင်မဲတွေ၊ အငြင်းပွားဖွယ်ရာ ရလဒ်တွေနဲ့ ပြီးဆုံးသွားခဲ့တဲ့ ရွေးကောက်ပွဲ ပြီးလို့ တလကျော်ကြာတဲ့ အချိန်မှာ အနိုင်ရ လွှတ်တော် အမတ် တဦး ကန့်ကွက် ခံထား ရတယ်လို့ သိရပါတယ်။

Image caption ဒီမိုကရက်တစ် ပါတီ မြန်မာ က အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု

မန္တလေးတိုင်း ချမ်းအေးသာဇံ မြို့နယ် မဲဆန္ဒနယ်မှာ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ မြန်မာရဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ် တင်တင်မာကို ရှုံးနိမ့် သွားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် ဦးမြဝင်းကနေ မဲဝယ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားတာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ ရယက ကနေ ဆင့်စာနဲ့ ခေါ်ယူခဲ့တဲ့ အတွက် တိုင်းကော်မရှင်ကို ဒေါ်တင်တင်မာ သွားရောက် တွေ့ဆုံခဲ့ရတယ်လို့ သိရပါတယ်။

တိုင်ကြားစာပါ အကြောင်းအရာထဲက မဲတမဲကို ၁၅ဝဝကျပ်နဲ့ ဝယ်တယ် ဆိုတာ မဖြစ်နိုင်ကြောင်း ၊ ဒေါ်တင်တင်မာ အနေနဲ့ အဲဒီလို လုပ်ဖို့ နေနေ သာသာ ထည်ထည် ဝါဝါနဲ့ ချမ်းသာသူ မဟုတ်သလို ဒီကိစ္စကိုလည်း မသိကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ဘီဘီစီကို ပြောပါတယ်။

ဒီအမှုကို ဒီဇင်ဘာ ၂၉ရက်နေ့ နေပြည်တော်မှာ စစ်ဆေးမှာ ဖြစ်ပြီး ဆင့်ခေါ်ထားတာကို ပျက်ကွက်ရင် မျက်ကွယ်မှာ စီရင်ချက် ချမယ်လို့ သိရပါတယ်။