မြန်မာပေါ် ကန်သံရုံး သဘောထား ဝီကီလိ ဖွင့်ချ

  • 11 ဒီဇင်ဘာ 2010
Burma generals
Image caption စစ်တပ်ထဲက အထက်အရာရှိတွေနဲ့ နီးစပ်သူတွေကို ချဉ်းကပ်ဖို့ ကန်သံရုံး သူ့အစိုးရကို အကြံပေး

ဝီကီလိ ဝက်ဆိုက်မှာ ရန်ကုန်က အမေရိကန် သံရုံးရဲ့ လျှို့ဝှက် အစီရင်ခံစာတွေ မနေ့က ထပ်မံထွက်ရှိလာရာမှာ မြန်မာနိုင်ငံတွင်းက လူတွေရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုပေါ် သူတို့ရဲ့ အကဲဖြတ် သုံးသပ်ချက်တွေကို တွေ့ခဲ့ ရပါတယ်။

စစ်အုပ်စုရဲ့ အရည်အချင်းမရှိမှု၊ ညံ့ဖျင်းမှုကို တနိုင်ငံလုံးက စိတ်ပျက်နေတယ်လို့ သံရုံး အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် လူများစုက အင်အယ်ဒီဟာ ဒီမိုကရေစီ အပြောင်းအလဲကို ဆောင်ကြဉ်းနိုင်မယ်လို့ မယုံပေမဲ့ အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည် ရှိနေသေးသရွေ့ ဒီမိုကရေစီအတွက် မျှော်လင့်ချက်ကို မစွန့်ကြသေးဘူးလို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာ လူတွေဟာ ကိုယ့်ရပ်ကိုယ်ရွာ အကျိုးစီးပွားကို ရသလောက် အနေ အထားကနေ စိတ်ကူးစိတ်သန်း ကောင်းကောင်းနဲ့ ကြိုးစား လုပ်နေကြရတယ်လို့ သံရုံး အစီရင်ခံစာက ဆိုပါတယ်။

စစ်တပ်က တတိုင်းပြည်လုံးရဲ့ နိုင်ငံရေး စီးပွားရေး အဆောက်အဦတွေကို ကျယ်ကျယ် ပြန့်ပြန့် ထိန်းချုပ်ထားတဲ့အတွက် ဘယ်လို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု မျိုးမှာမဆို စစ်တပ်က ပါကိုပါမှာ ဖြစ်တယ်၊ အဲဒိအတွက် တပ်ထဲမှာ ထိပ်ပိုင်းက ဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ စစ်ဗိုလ်တွေကို ရှာထားသင့်တယ်လို့ အမေရိကန် အစိုးရကို အကြံပေးထားပါတယ်။

ဒီစစ်ဗိုလ်တွေဟာ အနောက်အုပ်စုက သူတို့ကို မုန်းနေတယ်ဆိုတဲ့ စိတ်မျိုးဝင်နေပြီး အလိုလို ရန်လိုစိတ် ပွားနေကြောင်း၊ ဒါကို တန်ပြန်ရှင်းလင်းနိုင်ဖို့ စစ်ဗိုလ်တွေနဲ့ တိုက်ရိုက် ဆက်ဆံစကားပြောသင့်တယ်လို့ သံရုံး အစီရင်ခံစာက ဆိုပါတယ်။

နောက်တခါ စစ်အစိုးရနဲ့ ဆက်ဆံရာမှာ စစ်အစိုးရဘက်က ကြီးကြီးမားမား အလျှော့ပေး စေ့စပ်မှုမျိုးလုပ်မှ ဆုလာဘ်ကြီးကြီး ပေးတာမျိုး လုပ်ဖို့လည်း အမေရိကန် သံရုံးက သူတို့ အစိုးရကို အကြံပေးထားပါတယ်။

ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့အခါ စစ်အုပ်စု အဖွဲ့ဝင်တွေကို ဗီဇာ ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးတာမျိုးလုပ်ဖို့၊ နောက်တခါ စစ်အစိုးရ အဖွဲ့ဝင်တွေကို ဖယ်ရှားဖို့ သေချာ စဉ်းစားပြီဆိုတဲ့အခါ ထိပ်တန်းအကျဆုံး စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့ မိသားစုတွေကို လုံခြုံရေး အာမခံချက် ပေးတာမျိုးတွေ စဉ်းစားဖို့လည်း အကြံပေးထားပါတယ်။