မြန်မာပြည်မှာ မြေမြှုပ်မိုင်း သုံးနေဆဲ

  • 12 ဒီဇင်ဘာ 2010
Land Mine
Image caption မြေမြှုပ်မိုင်း အစီရင်ခံစာ

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ဆက်လက် အသုံးပြုနေကြတဲ့ အတွက် အရပ်သားတွေ ထိခိုက်သေဆုံးမှု ဆက်လက် ရှိနေတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်း တိုက်ဖျက်ရေး အဖွဲ့ International Campaign to Ban Landmines က ပြောပါတယ်။

အိုင်စီဘီအယ်လ် အဖွဲ့ရဲ့ မကြာသေးခင်တုန်းက ထုတ်ပြန်ခဲ့တဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ အခုလို ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

သက္ကရာဇ် ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ မြန်မာစစ်တပ်တွေဟာ ထိုင်းမြန်မာနယ်စပ် ရှေ့တန်းနေရာတွေမှာ ခြေကုတ်ယူထားရာကနေ ပြန်လည် ဆုတ်ခွာသွားတဲ့ အတွက် မြေမြှုပ်မိုင်း အသုံးပြုမှု လျော့နည်းလာမယ်လို့ ယူဆကြောင်း ပြောပါတယ်။

KNLA ကရင် သူပုန် အဖွဲ့နဲ့ DKBA ကရင် သူပုန်အဖွဲ့တို့ အကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားတဲ့ အတွက် မြေမြှုပ်မိုင်းသုံးစွဲမှုကို သူပုန်တွေ အကြားမှာ ပိုမိုများပြားလာတယ်လို့လည်း ဆိုပါတယ်။

သူတို့ အဖွဲ့အနေနဲ့ အစိုးရဘက်ကရော သူပုန်ဘက်ကပါ စာရင်း အချက်အလက် မရတဲ့ အတွက် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား အရေ အတွက်ကို အခြေခံပြီး ခန့်မှန်းတွက်ချက် ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အိုင်စီဘီအယ်လ် အဖွဲ့ အနေနဲ့ တဖက်သတ် မြေမြှုပ်မိုင်း သုံးစွဲမှု စွန့်လွှတ်မှုမျိုးကို အားပေး ကြိုဆိုပေမယ့် တကယ်တန်း မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်စဲသွားဖို့ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမှသာ လက်တွေ့ကျကျ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။