နိုင်ငံရေး အကျဉ်းသား လွှတ်ရေး Quintana တောင်း

  • 14 ဒီဇင်ဘာ 2010
ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်Mr Quintana
Image caption ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်Mr Quintana

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က အကျဉ်းထောင်တွေ ထဲမှာ နေရေးထိုင်ရေး အခြေအနေ အလွန်ဆိုးပြီး ကျန်းမာရေးထိခိုက် နေလို့ အကျဉ်းသားတွေအတွက် သူအလွန်အမင်း စိုးရိမ်တယ်လို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လွတ်လာပြီး တလ အကြာမှာ နိုင်ငံတကာ တောင်းဆိုသလို အစိုးရက အခုချိန်ထိ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ရေး မလိုက်နာသေးကြောင်း ဒါကြောင့် နိုင်ငံတကာက အာရုံစိုက်ပြီး ဆက် ဖိအားပေးဖို့ သူကတိုက်တွန်း သွားပါတယ်။

လောလောဆယ် မြန်မာနိုင်ငံထဲ ဝင်ရောက်လေ့လာဖို့ အစိုးရက ဗီဇာ ထုတ်မပေးသေးကြောင်း၊ ဒါပေမဲ့ လာမဲ့ ဇန္နဝါရီမှာ လူ့အခွင့်ရေးကောင်စီမှာ အစီရင်ခံစရာ ရှိတဲ့အတွက် မြန်မာအစိုးရက ပူးပေါင်း ဆောင်ရွက် သင့်တယ်လို့ Mr Quintana ကဘီဘီစီကိုပြောပါတယ်။

သူအဆိုပြုထားသလို မြန်မာအစိုးရက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိမရှိဆိုတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ရေးကို ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်မချပေမဲ့ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စုံစမ်း အရေးယူဖို့အစိုးရမှာ တာဝန်ရှိတယ်လို့ဆုံးဖြတ်တဲ့ အတွက် ဒါဟာတိုးတက်မှုဖြစ်တယ်၊ ဒီကိစ္စကို လူ့အခွင်းအရေးကောင်စီမှာ မဖြစ်မနေဆက် ကြိုးစားသွားမယ်လို့လည်း သူက ပြောကြားသွားပါတယ်။