Wikileaks website မှာ မြန်မာ့ သတင်းပါလာ

  • 13 ဒီဇင်ဘာ 2010
wikileaks
Image caption wikileaks ဖွင့်ချမှုမှာ မြန်မာ့အရေးပါ

Wikileaks website က ဖွင့်ချတဲ့ အမေရိကန် သံတမန်ရေး ဆိုင်ရာ လျှို့ဝှက်စာတွေ ထဲမှာ ၂ဝဝဂ ခု အောက်တိုဘာလ ၇ ရက် နေ့စွဲပါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ် ရဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ပေးစာမှာ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီ ကို တာဝန်က ရပ်နားဖို့ တောင်းဆိုထားပါတယ်။

အထူးသဖြင့် မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံ ကို မကြာခန သွားနေပေမဲ့ နိုင်ငံရေး ပြောင်းလဲမှုကို တိုးတက်အောင် မလုပ်ဖူး လို့ မစ္စရိုက်စ် က ဆိုထားပါတယ်။ မြန်မာအစိုးရ က စီစဉ်တဲ့ အတိုင်း၊ လိုက်နာဆောင်ရွက် နေတယ် လို့လဲ ပြောထားပါတယ်။

ဒါကြောင့်မို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်တွေဟာ မစ္စတာ ဂမ်ဘာရီ အပေါ်မှာ ယုံကြည်မှု ကင်းမဲ့နေကြောင်း၊ အဲဒီ့ အတွက် ကုလသမဂ္ဂ လုပ်ငန်းတွေ အောင်မြင်ဖို့ အခက်အခဲ ရှိနိုင်တယ်လို့ အမေရိကန်ရဲ့ သုံးသပ်ချက်ကိုလည်း ဖော်ပြထားပါတယ်။

မစ္စတာ ဂမ်ဘာရီနေရာမှာ အစားထိုးမယ့် ပုဂ္ဂိုလ်ကို ရွေးချယ်ရာမှာလည်း အမေရိကန်တွေဖက်က အကြံဉာဏ်တွေ ပေးသွားမယ်လို့ မစ္စရိုက်စ် ရဲ့ ပေးစာထဲမှာ ဖော်ပြထားပါတယ်။